News

POST TYPE

NEWS

ဘဏ်များ၏ နိုင်ငံခြားငွေလက်ကျန် ဗဟိုဘဏ်သတ်မှတ်ချက်ထက် ၂ ရက်ဆက်တိုက် မကျော်ရန် ထုတ်ပြန်
12-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များ၏ နိုင်ငံခြားငွေလက်ကျန်အခြေအနေသည် ဗဟိုဘဏ် သတ်မှတ်ချက်ထက် ၂ ရက်ဆက်တိုက် မကျော်လွန်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ဘဏ်များရှိ နိုင်ငံခြားလက်ကျန်ငွေ၏ လိုငွေ/ ပိုငွေ အခြေအနေသည် အဓိကမတည်ငွေရင်း၏ ၂ဝ ရာခိုင်နှုန်းထက် မကျော်လွန်စေရန် ဗဟိုဘဏ်က သတ်မှတ်ထားသည်။

ဘဏ်များက သတ်မှတ်ချက်ထက် ကျော်လွန်သွားပါက ၂ ရက်အတွင်း ပြန်လည်ထိန်းညှိရန် နှင့် ၃ ရက်မြောက်နေ့အထိ ကျော်လွန်သွားပါက ကျော်လွန်သည့်ပမာဏ၏ သုည ဒသမ ၅ ရာခိုင်နှုန်း ၅ ရက်ကျော်လွန်ပါက ၁ ရာခိုင်နှုန်းအထိ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘဏ်များတွင် ကုန်သွယ်ရေးအတွက် ဒေါ်လာများ ရောင်းဝယ်သည့်အခါ များလွန်းခြင်း၊ နည်းလွန်းခြင်းမဖြစ်စေရန် ဗဟိုဘဏ်က သတ်မှတ်ချက်ဘောင် တစ်ခုထားသည့် သဘောဖြစ်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ကျွမ်းကျင်သူ ဦးရဲမင်းဦးက ပြောဆိုသည်။

"မတည်ငွေရင်း ဘီလီယံ ၂၀ ပြောတာလား။ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားတဲ့ လိုင်စင်လျှောက်တဲ့ မတည်ငွေရင်း ၅ သန်းကို ပြောတာလားဆိုတာ မသေချာဘူး။ နိုင်ငံခြားငွေတွေ အများကြီး ဝင်လာလား ထွက်သွားလားဆိုတာ ဗဟိုဘဏ်က စောင့်ကြည့်ရတယ်။ ဒီငွေ ကျပ်ငွေတန်ဖိုးအပေါ်လာသက်ရောက်တော့ ဗဟိုဘဏ်က ဂဏန်းတွေကို ကြည့်ရတဲ့ အနေအထားပါ" ဟု ၎င်းကဆိုသည်။

နိုင်ငံခြားသုံးငွေ လက်ကျန်အခြေအနေအား စောင့်ကြည့်အရေးယူခြင်းကို ညွှန်ကြားစာထွက်သည့်နေ့မှစ၍ ရက်သတ္တပတ် ၂ ပတ် အကြာတွင် အကျိုးသက်ရောက်မှုရှိမည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-13