News

POST TYPE

NEWS

တောင်နဝင်းဆည် ဖာထေးဖြတ်ဆက်ပြင်ဆင်သုံးစွဲခြင်းကို ကန့်ကွက်ကြောင်း ဒေသခံတစ်ထောင်ခန့်ဆန္ဒပြ
12-Feb-2019



ပြည်၊ ဖေဖော်ဝါရီ ၁၂ 

ပြည်ခရိုင် ပေါက်ခေါင်မြို့နယ်အတွင်းရှိ တောင်နဝင်းဆည် တာပေါင်မြေသားများ နိမ့်ကျမှုကို ပြုပြင်နေခြင်းနှင့် ဖာထေးဖြတ်ဆက်ပြုလုပ်နေခြင်းကို ကန့်ကွက်ကြောင်း ယင်းဆည်ပတ်ဝန်းကျင်တွင်နေထိုင်သူ တစ်ထောင်ခန့်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ 

ဆန္ဒပြသူများသည် တောင်နဝင်းဆည်းဘေးရှိ ရပ်သစ်ရွာအနီးရှိ ခရိုင်ချင်းဆက်လမ်းဆုံမှ ပေါက်ခေါင်းမြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အထိ လမ်းလျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြပွဲကိုဦးဆောင်သူ ဦးစံလင်းက The Voice သတင်းစာသို့ ပြောကြားသည်။ 

အနာဂတ်မျိုးသစ်များအတွက် တောင်နဝင်းဆည်ကို ဆက်လက်အသုံးမပြုရေး၊ တောင်နဝင်းဆည်နှင့် ပတ်သက်၍ ရပ်ရွာအေးချမ်းသာယာရေး၊ တောင်နဝင်ဆည်အား ဖာထေးဖြတ်ဆက်ပြုပြင်သုံးစွဲခြင်းကို အလိုမရှိကြောင်း စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဆန္ဒပြပွဲတွင်တွင်ပါဝင်သူ ဦးကျော်ထွန်းဦးက ပြောဆိုသည်။

“ညညဆို အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစာရဘူး။ ဘာသံကြားမလဲ နားစွံ့နေရတယ်။ တချို့တွေဆို ဆွေမျိုးရှိရာ အခြားမြို့တွေကို ပြောင်းကုန်ပြီ။ ဒီဆည်ကြီး မြေသားနိမ့်သွားတာကို ဖာထေးဖြတ်ဆက် ပြုပြင်နေပေမယ့် ဆည်ကြံခိုင်ရေးအတွက် ရေရှည်မှာ မကောင်းနိုင်ဘူး။ တစ်နေ့မဟုတ်တစ်နေ့ ပြန်ဖြစ်လာမှာပဲ။ ဒါကို ပြီးစလွယ်လုပ်နေကြတယ်”ဟု ရပ်သစ်ကျေးရွာဒေသခံတစ်ဦးကလည်း ပြောကြားသည်။ 

အဆိုပါ ဆည်မြေသားနိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့သော်လည်း စိုးရိမ်ရမည့် အခြေအနေမဟုတ်ကြောင်း ပြည်ခရိုင် ဆည်မြောင်းတာဝန်ရှိသူက ပြောဆိုထားသော်လည်း ဒေသခံများက လက်မခံနိုင်သောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

မြေသားနိမ့်ကျမှုကြောင့် အက်ကြောင်းဖြစ်ပေါ်နေသောနေရာမှ ရေယိုစိမ့်မူများလာပြီး ရေနောက်များထွက်လာပါက အရေးပေါ်အခြေအနေသတ်မှတ်ရန်နှင့် အရေးပေါ် အခြေအနေသက်မှတ်ချက်ကို ရေကင်းမှူး၊ ဆည်မြောင်းတာဝန်ရှိသူများမှ တာဝန်ယူဆောင်ရွက်ရန်၊ မြို့နယ်မီးသတ်ဖွဲ့၏ ဥသြဆွဲအချက်ပေးအသံကြားပါက ခိုလုံရမည်နေရာများသို့ အမြန်ဆုံးပြောင်းရွေ့ရန်နှင့် သတိပေးချက်ကို ရှင်းလင်းလွယ်ကူစွာသိရှိရန်၊ ခိုလှုံရမည့်နေရာကို ကြိုတင်သိရှိရန် ရပ်ကွက်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ရပ်မိရပ်ဖများနှင့် ကြိုတင်ဆောင်ရွက်ထားရန် ပဲခူးတိုင်းအစိုးရအဖွဲ့က အသိပေးစာများပေးပို့ထားကြောင်း ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

တောင်နဝင်းဆည်သည် တမံအလျား ၁၆၆၇၄ ပေ၊ ရေလှောင်ပမာဏ၂၈၇၀၀၀ ဧကပေရှိကာ ပြည်၊ ပေါက်ခေါင်း သဲကုန်းမြို့နယ်တို့သို့ စိုက်ပျိုးရေ ပေးဝေနေပြီး ၉၂၇၀၈ ဧကကို စိုက်ပျိုးရေပေးဝေနေသော ဆည်တစ်ခုဖြစ်သည်။ 

R-19 

ဓာတ်ပုံ- စံလင်း