News

POST TYPE

NEWS

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပြင်ပြီးမှသာ ရွှေတင်ပို့ တင်သွင်းခြင်း ခွင့်ပြုနိုင်မည်
12-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပြင်ပြီးမှသာ နိုင်ငံတကာစံနှုန်းမီ ၉၉ ဒသမ ၉၉ အဆင့်ရှိသည့် ရွှေတုံးများကို ပြည်ပ တင်ပို့/တင်သွင်းခြင်း ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ပြောကြားသည်။

အဆိုပါ စံနှုန်းမီရွှေတုံးများကို လက်ရှိတွင် ကန့်သတ်ထားသည့်အတွက် ၉၆ အဆင့်ရှိသည့် ရွှေတုံးများကိုများသာ တင်ပို့/တင်သွင်းခွင့် ရမည်ဖြစ်သည်။

“ဥပဒေပြင်ပြီးမှ ကျန်တာတွေဆက်လုပ်ရမှာပါ”ဟု ဒေါ်မေတိုးဝင်းက ပြောဆိုသည်။

နိုင်ငံတကာစံနှုန်းမီ ၉၉ ဒသမ ၉၉ အဆင့်ရှိသည့် ရွှေတုံးများကို တင်ပို့/တင်သွင်းရန် ကန့်သတ်ထားမှုဖြေလျှော့ပေးရန် ဗဟိုဘဏ်ထံသို့ စာတင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“၉၉ ဒသမ ၉၉ ဆိုတာ ရွှေရည်အသန့်ဆုံးပဲ။ ၉၆ တို့ ဘာတို့ဆိုတာလည်း ရွှေပါပဲ။ ဒါပေမဲ့ ဈေးပေးရတာချင်းအတူတူ ၁၀ဝ ရာခိုင်နှုန်းနီးပါးသန့်တဲ့ ရွှေရည်ကိုပဲ အရောင်းအဝယ်လုပ်မှာပေါ့။ ရွှေတင်ပို့ တင်သွင်းခွင့်ပြုမိန့်ထွက်တုန်းကတော့ ခွင့်ပြုတယ်ဆိုတာပဲ။ အခုလုပ်ထုံးလုပ်နည်းရေးမှ ကန့်သတ်တယ်ထွက်လာတော့ ဘာပြောရမှန်းတောင်မသိဘူး။ ဈေးကွက်အရ ကောင်းတဲ့ပစ္စည်းကိုပဲ လိုချင်တာပါ”ဟု ယင်းအသင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရွှေသန့်စင်သည့် လုပ်ငန်းများတွင်လည်း ၉၉ ဒသမ ၉၉ အဆင့်ရှိရွှေတုံးများကို ထုတ်လုပ်နိုင်သည့် စက်များရှိနေပြီဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် လက်ကောက်၊ ဆွဲကြိုး၊ လက်စွပ်များကို ထုတ်လုပ်ပါက နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ရွှေမှာ နာမည်ကောင်းရလာမည်ဖြစ်ကြောင်း ရွှေကုန်သည် ဦးအောင်မြင့်က ပြောဆိုသည်။

ဗဟိုဘဏ်၏ ဥပဒေအရ ငွေကြေးဖြင့်လဲလှယ်ခွင့်ရှိသည့် ၉၉ ဒသမ ၉၉ အဆင့်ရွှေတုံးများကို ရောင်းဝယ်ခွင့် ကန့်သတ်ထာသည့်အတွက် ရွှေတင်ပို့/တင်သွင်းခွင့် ပေးခဲ့စဉ်တည်းက ဝန်ကြီးဌာနအနေဖြင့် ကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ပြည်ပနှင့် ရွှေတင်ပို့ တင်သွင်းခွင့် ရရှိခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းများကြောင့် လုပ်ကိုင်ခွင့် ကြန့်ကြာနေသေးကြောင့် ရွှေကုန်သည်များက ပြောဆိုကြသည်။

အိမ်နီးချင်းနိုင်ငံများတွင် ရွှေတင်ပို့ တင်သွင်းခွင့်ပေးခဲ့စဉ်က တင်ပို့ခြင်းထက် တင်သွင်းခြင်းကပိုများလာပြီး နိုင်ငံစီးပွားရေးတွင် ဈေးကစားမှုများရှိကာ ငွေကြေးဖောင်းပွမှုများရှိခဲ့သောကြောင့် မြန်မာနိုင်ငံတွင် ခွင့်မပြုပေးခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

J-13