News

POST TYPE

NEWS

လားရှိုးရှိ စစ်ဘေးဒုက္ခသည်များ စားဝတ်နေရေးအခက်ကြုံ
12-Feb-2019



အောက်မန်ပြိန်းကျေးရွာရှိ စစ်ဘေးရှောင်သူများကို တွေ့ရစဉ်

လားရှိုး၊ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု အထက်မန်ပြိန်းကျေးရွာမှ အောက်မန်ပြိန်းကျေးရွာ မူကြိုကျောင်းအနီးသို့ ပြောင်းရွှေ့ရောက်ရှိလာသော စစ်ဘေးဒုက္ခသည်များကို ထောက်ပံ့မှုများ လျော့နည်းလာပြီး စားဝတ်နေရေး အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ၎င်းတို့ထံမှ သိရသည်။ 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ နောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ပွဲလမ်းကြောင်းရှိ အထက်မန်ပြိန်းကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာရသည်မှာ လေးလနီးပါး ကြာမြင့်ပြီဖြစ်သော်လည်း တိုက်ပွဲများဆက်ဖြစ်နေသည့်အတွက် ၎င်းတို့၏ နေရပ်သို့ မပြန်နိုင်သေးသည့်အပြင် မူလအသက်မွေးဝမ်းကြောင်း လုပ်ငန်းများကိုလည်း ပြန်လည်မလုပ်ကိုင်နိုင်သေး၍ အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ 

“လောလောဆယ်တော့ စားဝတ်နေရေး အဓိကပေါ့နော်။ နောက်ဆုံး ကျွန်တော်တို့ ဒီနေရာကို လုံခြုံအောင် လုပ်ပေးနိုင်ဖို့ အများကြီး အခက်အခဲတွေ ကြုံနေရပါတယ်။ နယ်မြေလုံခြုံမှုနဲ့ သွားလာရေးလုံခြုံနိုင်မှုတွေ ပေါ့နော်။ ကျွန်တော်တို့ သွားလို့မရဘူးဆိုတာက မပေါက်ကွဲတဲ့ မိုင်းတွေ၊ မအောင်တဲ့မိုင်းတွေ သွားတွေ့ရတော့ လူတွေက မသွားရဲကြဘူး”ဟု ယင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးထွယ်ရှောင်က ပြောဆိုသည်။ 

လတ်တလော မန်ပြိန်းအောက်ရွာ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု (၂၂) စု လူဦးရေ (၈၆) ဦးခန့် ခိုလှုံနေပြီး ကချင်၊ ရှမ်းနှင့် ပလောင်လူမျိုးများပါဝင်ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါစစ်ပွဲတွင် ရက်သားကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ သေဆုံးခဲ့ကြောင်း စစ်ဘေးရှောင်သူများထံမှ သိရသည်။

'“အခု နေစရာမရှိသေးတဲ့အချိန်မှာ မိုးကာတဲနဲ့ပဲ နေကြတာပေါ့။ ကလေးတွေနဲ့ဆိုတော့ အဆင်မပြေဘူး။ တအားအေးတယ်။ နေ့လယ်ဆိုလည်း ပူလို့အထဲမှာနေလို့မရဘူး။ စားဝတ်နေရေး လိုပါတယ်။ လောလောဆယ် စောင်တွေ လိုပါတယ်”ဟု အဆိုပါစစ်ပွဲတွင် သမီးနှင့်အမေ ဆုံးရှုံးခဲ့ရသော ကချင်တိုင်းရင်းသူ မထုဆိုင်က ပြောဆိုသည်။ 

မန်ပြိန်းအထက်ရွာမှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ဆန်နှင့် အသုံးအဆောင်အချို့ကို မေတ္တာဖောင်ဒေးရှင်း ICRC၊ Relief International နှင့် စေတနာရှင်လူမှုကူညီရေးအဖွဲ့များက အကူအညီများ ပေးထားသည်။ 

R-01

ဓာတ်ပုံ - ကျော်စိုးမိုး