News

POST TYPE

NEWS

ကာကွယ်ရေးစရိတ်တွင် ဂျာမနီ လုံလောက်စွာ သုံးစွဲခြင်းမပြုဟု အမေရိကန်သံအမတ် ပြောကြား
12-Feb-2019



ဘာလင်၊ ဖေဖော်ဝါရီ ၁၁

ဂျာမနီသည် နေတိုးအုပ်စုအတွင်း ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် တာဝန်ခံကတိပြုထားခြင်းကို ပြည့်မီအောင် လုပ်ဆောင်ရန် ပျက်ကွက်နေသည်ဟု ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရစ်ချတ်ဂရင်နယ်လ်က စွပ်စွဲပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြ ထားသည်။

၂၀၂၄ မတိုင်မီ ကာကွယ်ရေးအသုံးစရိတ်ကို ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ နှစ်စဉ်တိုးမြှင့်သွားရန် ပေးထားသောကတိကို ဂျာမနီက ပျက်ကွက်နေသည်ဟု အမေရိကန်သံအမတ် ရစ်ချတ်ဂရင်နယ်လ်က ဂျာမန်သတင်းစာနှင့် အင်တာဗျူးတွင် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

ဂျာမနီတွင် ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ရေးကို အစိုးရက သဘောတူ ထောက်ခံသော်လည်း အချို့က ဖြုန်းတီးမှုအဖြစ် ရှုမြင်နေကြသည်။

“နေတိုးအတွက် ကာကွယ်ရေးစရိတ်ထည့်ဝင်မှုကို ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်မယ်ဆိုတဲ့ ဂျာမနီရဲ့ ကတိဟာ မလုံလောက်ပါဘူး။ ထပ်ပြောရမယ်ဆိုရင် ဒါက အမေရိကန်စံနှုန်းနဲ့ မကိုက်ပေမယ့်လည်း ဂျာမနီက သဘောတူပြီးသား ကတိဖြစ်ပါတယ်။ အခုအချိန်က နေတိုးစစ်အုပ်စု အားနည်းသွားအောင် လုပ်ရမယ့်အချိန် မဟုတ်ဘူးလို့ မဟာမိတ်ဂျာမနီနိုင်ငံကို အမေရိကန်က ရိုးရိုးရှင်းရှင်း သတိပေးနေတာပါ”ဟု သံအမတ်ကြီးက ပြောကြားသည်။

ကာကွယ်ရေးအသုံးစရိတ်ကိစ္စသည် ဝါရှင်တန်နှင့် ဘာလင်အကြား ဆက်ဆံရေး ကျဲသွားစေခဲ့သော အကဲဆတ်သည့် အကြောင်းအရာတစ်ခုဖြစ်သည်။ ၂၀၁၆ တွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက် ဂျာမနီအား ကာကွယ်ရေးအသုံးစရိတ် ကတိကဝတ်များ ပြည့်မီရန် ပျက်ကွက်နေသည်ဟု အကြိမ်ကြိမ် ဝေဖန်ခဲ့သည်။

၂၀၁၄ တွင် ဂျာမနီအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများက ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၄ မတိုင်မီ ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်သွားရန် သဘောတူခဲ့ကြပြီးဖြစ်သည်။ 

သို့ရာတွင် ဂျာမနီနိုင်ငံရေးသမားများက ကာကွယ်ရေးအသုံးစရိတ်ကို စောဒကတက်နေကြပြီး ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် လူသားချင်းစာနာမှု အကူအညီပေးခြင်းနှင့် တည်ငြိမ်အေးချမ်းရေး အစီအစဉ်များ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးသည့် စရိတ်များကိုလည်း ထည့်သွင်းတွက်ချက်သင့်သည်ဟု ပြောဆိုလျက်ရှိသည်။

“ဂျာမနီလူထုက ကာကွယ်ရေးစရိတ်အစား ပြည်တွင်းဘတ်ဂျက်အတွက်ပဲ ပိုက်ဆံကို သုံးချင်တယ်ဆိုတာ ကျွန်တော်အပြည့်အဝ နားလည်တာပေါ့။ အမေရိကန် အခွန်ထမ်းပြည်သူတွေကလည်း သူတို့ ပိုက်ဆံကို ပြည်တွင်းမှာပဲ သုံးစေချင်တာပေါ့။ ဒါပေမဲ့ ဂျာမနီမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၃၃ယဝ၀၀ အတွက် အမေရိကန် အခွန်ထမ်းပြည်သူတွေက ပိုက်ဆံပေးနေရတယ်။ ဒီကိစ္စက အမေရိကန်မှာလည်း ငြင်းခုံနေရတယ်”ဟု အမေရိကန်သံ အမတ်ကြီးက ပြောကြားသည်။

နေတိုးအတွက် အသုံးစရိတ် ပိုမိုထည့်ဝင်ရန် အဖွဲ့ဝင်နိုင်ငံများက ပျက်ကွက်နေပါက အမေရိကန်အနေနှင့် နေတိုးအုပ်စုအတွက် ထည့်ဝင်ငွေကို လျှော့ချတော့မည်ဟု သမ္မတထရမ့်လက်ထက်တွင် အိမ်ဖြူတော်က သတိပေးထားသည်။

“အမေရိကန်က နေတိုးအတွက် အပြည့်အဝ တာဝန်ယူထားပါတယ်။ သမ္မတထရမ့်ကလည်း ရှင်းအောင် ပြောပြီးသားပါ။ ဒါပေမဲ့ သူက အဖွဲ့ကို တိုးတက်အောင် ကြိုးစားနေတယ်။ ယုံကြည်တဲ့အရာတစ်ခုအတွက် ဆုံးဖြတ်လုပ်ဆောင်နေတာဟာ ဘာများမှားသလဲဗျာ”ဟု သံအမတ်ကြီး ဂရင်နယ်လ်က ပြောကြားသည်။ 

F-04