News

POST TYPE

NEWS

လမ်းဖောက်ရာမှတွေ့သည့်ရွှေကြော ဒေသခံများကို လုပ်ကိုင်ခွင့်ပေးစေလိုဟု လွှတ်တော်ကိုယ်စားလှယ်ဆို
11-Feb-2019
မန္တလေး၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နှင့် ဗန်းမောက်မြို့တို့အကြားတွင် လမ်းဖောက်လုပ်စဉ် တွေ့ရှိခဲ့သည့် ရွှေကြောအား ယင်းဒေသခံများကို လုပ်ကိုင်ခွင့်ချထားပေးစေလိုကြောင်း ယင်းတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။

ယင်းအင်းတော်မြို့နယ် ညောင်ပင်ဆိပ်ကျေးရွာနှင့် ဗန်းမောက်မြို့နယ် မံထုံကျေးရွာတို့ကို ဆက်သွယ်ရန် ကျေးလက်လမ်းဦးစီးဌာနက တင်ဒါစနစ်ဖြင့် ဖောက်နေသည့် လမ်းဘေးတောင်ကြောတစ်ခုမှ ကျောက်သားများ အတွင်း ရွှေများတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ တွေ့ရှိသည့်အချိန်မှစကာ ဒေသခံများက လာရောက်တူးဖော်မှုများပြုလုပ်လျက်ရှိသည့်အတွက် ခရိုင်အုပ်ချုပ်ရေးအာဏာပိုင်များက ပိတ်ပင်ထားရကြောင်း ဗန်းမောက်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောကြားသည်။

“ ကျွန်တော်ကတော့ ဒေသခံတစ်ပိုင်တစ်နိုင် လုပ်ကွက်တွေကို ခွင့်ပြုပေးစေချင်ပါတယ်။ တစ်ခုရှိတာက ဒီမှာက အပိုင်းနှစ်ခုခွဲပြီး အရှေ့ပိုင်းကို လုပ်ကွက်ကြီး၊ အနောက်ပိုင်းကို တစ်နိုင်လုပ်ကွက်သတ်မှတ်ထားတာ။ ခုတွေ့တာက အရှေ့ပိုင်းမှာပါနေတော့ လုပ်ကွက်ကြီးတွေကိုပဲ ခွင့်ပြုမလားဆိုတာကို မသိသေးဘူး။ ကျွန်တော့် ဆန္ဒအရတော့ ဒေသခံတစ်ပိုင်တစ်နိုင်လုပ်ကွက်တွေကို ခွင့်ပြုပေးစေချင်တယ်။ အစိုးရပိုင်းကလည်း ဒီလုပ်ကွက်တွေချပေးတာက အရမ်းနှေးနေတာရှိတယ်။ ဒီမှာက အဲဒီလို လုပ်ကွက်ပြဿနာတွေကလည်း အမြဲရှုပ်နေတာဆိုတော့ အစိုးရကလုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုပေးလိုက်ရင် နိုင်ငံတော် အခွန်လည်းရမယ်။ ဒေသခံတွေလည်း အဆင်ပြေမယ်။ ခုက ခွင့်ပြုမထားပေမယ့်လည်း ခိုးတူးနေကြတာဆိုတော့ နိုင်ငံတော်လည်း အခွန်မရဘူး ” ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ယခုတွေ့သည့် ရွှေကြောသည် အပေါ်ကြောတွင်ပင် ရွှေပါဝင်မှုအများအပြားကိုတွေ့ရပြီး အချို့နေရာများတွင် တစ်တောင်ခန့်အထိပင် ထုထည်ရှိနေသည်ကို တွေ့ရကြောင်း၊ ရွှေကြောအများစုသည် အပေါ်ယံတွင် အနည်းငယ်သာတွေ့ရပြီး အောက်ပိုင်းတွင်သာ တွေ့ရတတ်သော်လည်း ယခုကျောက်တောင်တွင် ရွှေပါဝင်မှုရာခိုင်နှုန်း များပြားနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ဗန်းမောက်နှင့် အင်းတော်မြို့ ဒေသတစ်ဝိုက်တွင် ယခင်ကရွှေတူးဖော်မှုလုပ်ကွက်များကို ခွင့်မပြုသည့်အတွက် မှောင်ခိုလုပ်ကွက်များ၊ ခိုးတူးသူများ အများအပြားရှိနေပြီး ပဋိပက္ခများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်ခန့်တွင် တိုင်းလွှတ်တော်တွင် တစ်ပိုင်တနိုင်လုပ်ကွက်များကို အမိန့်ညွှန်ကြားချက်များနှင့် အညီ ခွင့်ပြုပေးရန် တင်ပြခဲ့သည့်အတွက် ခွင့်ပြုထားခဲ့ရာ လုပ်ကိုင်လိုသူများက တင်ပြတောင်းခံသည်မှာ ရှစ်လခန့်ကြာမြင့်ပြီဖြစ်သော်လည်း အစိုးရက တရားဝင်ချထားပေးခြင်းမရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

တွေ့ရှိသည့်ရွှေကြောကြောင့် ဖောက်လုပ်နေသည့်လမ်းကို ရွှေ့ပြောင်းဖောက်လုပ်ရန် လိုအပ်သည့် အနေအထာမရှိသော်လည်း တွေ့ရှိချိန်မှစတင်ကာ ဒေသခံများ၏ လာရောက်တူးဖော်မှုကြောင့် ဖောက်လက်စ လမ်းဘေးမြောင်းများပိတ်သည်အထိ ဖြစ်နေကြောင်း ဦးဝင်းရွှေက ရှင်းပြသည်။

ထိုသို့ဒေသခံများလာရောက်တူးဖော်ခြင်းကြောင့် ရွှေကြောတွေ့ရှိသည့်နေရာကို ဒေသအာဏာပိုင်များက တူးဖော်ခွင့် ပိတ်ပင်ထားသည်။

M-04