POST TYPE

NEWS

ပဲအထူးအစည်းအဝေး ယခုလအတွင်းလုပ်မည်
11-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

အစိုးရအပါအဝင် ပဲနှင့်ပတ်သက်သူများအားလုံးပါဝင်မည့် အထူးအစည်းအဝေးကို ယခုလအတွင်း ကျင်းပမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းအစည်းအဝေး၌ ယခုနှစ်အတွင်း အိန္ဒိယသို့ ပဲတင်ပို့ခွင့်ရနိုင်ရေးအပါအဝင် ယင်းနိုင်ငံ၏ ယခုနှစ်အတွင်း ပဲထွက်ရှိမှုအခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် ဈေးကွက်အခြေအနေ၊ ပြည်တွင်း၌ မည်သည့်ပဲကို စိုက်ပျိုးသင့် မသင့်တို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့အပါအဝင် မြန်မာနိုင်ငံ ပဲကုန်သည်နှင့် နှမ်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် စီးပွားရေးကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် ပဲအထူးလုပ်ငန်းအဖွဲ့က ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

"မနှစ်တုန်းက အစည်းအဝေးတုန်းက ပဲစင်းငုံကို မစိုက်ပျိုးသင့်တဲ့ပဲဆိုပြီး အားလုံးသဘောတူညီချက်နဲ့ ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ တကယ့်တကယ်လည်းကျရော အိန္ဒိယက သူတို့ပြည်တွင်းလိုအပ်ချက်ကြောင့် အဝယ်များသွားပြီး ဈေးတွေတက်လာတယ်။ ဒီနှစ်တော့ အဲဒီလိုမျိုးချို့ယွင်းချက်တွေမပါဘဲ ဘာလုပ်သင့်လဲဆိုတာကို သေချာဆွေးနွေးမယ်" ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ယင်းပဲအထူးလုပ်ငန်းအဖွဲ့၏ အထူးအစည်းအဝေးကို ယခုလအတွင်း ပြုလုပ်မည်ဖြစ်သော်လည်း ရက်အတိအကျကို မသတ်မှတ်ရသေးကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်းက အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲတီစိမ်းကို တန်ချိန် တစ်သိန်းခွဲစီနှင့် ပဲစင်းငုံကို တန်ချိန် နှစ်သိန်းသတ်မှတ်၍ ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိသာ ကာလသတ်မှတ်တင်ပို့ခွင့်ပြုခဲ့သော်လည်း ယင်းနိုင်ငံ၏ လိုအပ်ချက်အရ ပြည်နယ်တရားရုံးများမှတစ်ဆင့် အထူးဝယ်ယူခွင့်ဖြင့် အဆိုပါကာလကျော်လွန်ခဲ့သော်လည်း ဆက်လက်ဝယ်ယူမှုများကြောင့် ပဲဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

ထို့ပြင် ပဲတင်ပို့မှုမှာလည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က မတ်ပဲနှင့် ပဲစင်းငုံကို ၂၀၁၇ ခုနှစ်အောက်တိုဘာမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ တန်ချိန်တစ်သိန်းလေးသောင်းကျော်သာ တင်ပို့နိုင်ခဲ့ရာမှ ယခုဘဏ္ဍာနှစ် ယင်းကာလတူအတွင်း တန်ချိန် သုံးသိန်းရှစ်သောင်းကျော်အထိ တင်ပို့နိုင်ခဲ့သည်။

S-04