News

POST TYPE

NEWS

မလေးရှားသွားမည့် ဘင်္ဂါလီ ၁၂ ဦး မင်းလှတွင် ဖမ်းမိ
11-Feb-2019



မကွေး၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းအပိုင်တွင် ဖေဖော်ဝါရီ ၁၀ ရက်က အထောက်အထားမဲ့ဝင်လာသည့် ဘင်္ဂါလီ ၁၂ ဦး ဖမ်းမိခဲ့ကြောင်း ယင်းနယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါနယ်မြေ ပရဆိုင်ရွာအနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ ဝါးတောထဲတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ထောင်ဟာယာရွာမှ ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းမိခဲ့ကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“အခုမိတဲ့ ဘင်္ဂါလီတွေက ရန်ကုန်ကနေ မလေးရှားကိုသွားဖို့လို့ ပြောတယ်။ ပွင့်လင်းရာသီရောက်၊ လမ်းတွေကောင်းလာတော့ ပိုပြီးဆင်းလာနိုင်တယ်။ လမ်းကောင်းတော့ သူတို့အတွက် အခွင့်အလမ်းသာလာနိုင်တယ်”ဟု မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ပြောသည်။

ဘင်္ဂါလီသယ်ဆောင်ပေးသူများသည် ကင်းထောက်များဖြင့် အဆင့်ဆင့်သွားနေ၍ ရဲတပ်ဖွဲ့ဝင်များအနေနှင့်လည်း ရွေ့လျားစနစ်ဖြင့် မြို့နယ်အတွင်း နေ့၊ ည လှည့်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရဲမှူးထင်အောင်လင်းက ထပ်မံပြောကြားသည်။

ဖမ်းမိခဲ့သည့် ဘင်္ဂါလီများကို မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်လာခဲ့ပြီး မြို့နယ်လဝကအဖွဲ့များနှင့် ပူးပေါင်းကာ မပတ အက်ဥပဒေ (မှတ်ပုံတင်အက်ဥပဒေ) ဖြင့် အရေးသွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်းက အထောက်ထားမဲ့ ဝင်ရောက်လာသည့် ဘင်္ဂါလီ ၁၃၁ ဦး ဖမ်းမိခဲ့ပြီး၊ ၂၀၁၉ ခုနှစ် ဖေဖော်ရီလအထိ ယခု ၁၂ ဦး အပါအဝင် ၄၆ ဦး ဖမ်းမိထားကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

R-23

ဓာတ်ပုံ - မင်းလှမြို့နယ်ရဲတပ်ဖွဲ့