News

POST TYPE

NEWS

ညောင်ဦးမြို့နယ်မှ ရှေးဟောင်းသံချက်ဖိုများကို သုတေသနပြုရန် မြန်မာ-ပြင်သစ် ပညာရှင်များ စတင်တူးဖော်
11-Feb-2019


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ 

ညောင်ဦးခရိုင် ဇီးအိုကျေးရွာအနီးရှိ သံချက်ဖိုနှင့် သံခေတ်အထောက်အထားများကို သုတေသနပြုရန် မြန်မာ-ပြင်သစ် နှစ်နိုင်ငံမှ ပညာရှင်များပူးပေါင်းကာ စတင်တူးဖော်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

“လက်ရှိက စတူးတုန်းဆိုတော့ ဘယ်ခြေနေထိတွေ့ရမလဲဆိုတာ မသိရသေးဘူး။ တူးဖော်လို့ရတဲ့ အထောက်အထားတွေကို သုတေသနလုပ်ရဦးမယ်။ ဒီပတ်ဝန်းကျင်မှာ သံထည်နဲ့ပတ်သက်တဲ့ အထောက်အထားတွေတော့တွေ့တယ်”ဟု ပုဂံဌာနခွဲမှ ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောကြားသည်။ 

အဆိုပါဒေသမှ သံခေတ်ဆိုင်ရာ အထောက်အထားများရှာဖွေရေးလုပ်ငန်းကို မြန်မာနှင့်ပြင်သစ်နိုင်ငံတို့မှ ပညာရှင်များက တစ်လခန့်ပူးပေါင်းရှာဖွေမည်ဖြစ်ပြီး သုတေသနပြုလုပ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ချော်ရည်ခဲများ၊ မီးသွေးများ၊ သံချက်ဖိုအောက်ခြေများကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစ၍ တူးဖော်နေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

တူးဖော်တွေ့ရှိချက်များသည် မြန်မာနိုင်ငံတည်ရှိမှုနှင့် နေထိုင်လာသည့် လူမျိုးများ၏ သက်တမ်းများကို ဖော်ပြနိုင်သည့် သမိုင်းဆိုင်ရာ အထောက်အထားများဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင်များ ပြောကြားထားသည်။

မြန်မာနိုင်ငံသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်စသည့် ယဉ်ကျေးမှုများဖြစ်ထွန်းခဲ့ကြောင်း အထောက်အထားများတွေ့ရှိထားပြီးဖြစ်ရာ သိပ္ပံနည်းကျသုတေသနပြုလေ့လာဖော်ထုတ်နိုင်ရန်အတွက် ပြင်သစ်နှင့်မြန်မာနိုင်ငံတို့မှ ပညာရှင်များပူးပေါင်းကာ သုတေသနပြုလုပ်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှလည်း သိရသည်။

J-14

ဓာတ်ပုံ- ဖြိုးပြည့်ကိုကို




  • VIA