POST TYPE

NEWS

ပြည်ပနိုင်ငံများက G to G စနစ်ဖြင့် ခွဲတမ်းပိုရရန်လုပ်ဆောင်မည်ဟု ဒုသမ္မတဆို
09-Feb-2019


မန္တလေး၊ ဖေဖော်ဝါရီ ၉

နိုင်ငံတော် အစိုးရအနေဖြင့် ဆန်ဝယ်ယူသည့် ပြည်ပနိုင်ငံများ၏ အကြီးအကဲများ၊ ပါဝင်သူများနှင့် အစိုးရ အချင်းချင်း ချိတ်ဆက်သောစနစ် (G to G စနစ်)ဖြင့် ညှိနှိုင်းပြီး ယင်းနိုင်ငံများမှ Quota (ခွဲတမ်း) ပိုမိုရရှိရန် မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ၂၀၁၉ ခုနှစ် အထွေထွေ ညီလာခံနှင့် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ဦးဟင်နရီဗန်ထီးယူက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပသို့ ဆန်စပါး ရောင်းဝယ်ရာတွင် G to G စနစ်ကို ပိုမိုအားထည့်ဆောင်ရွက်ပေးစေလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံသည် ဥရောပကော်မရှင်က ကုန်သွယ်ခွင့်ဆိုင်ရာအထူး အခွင့်အရေး (GSP) ကို ပြန်လည် သုံးသပ်ချိန်မှစတင်၍ ဆုံးရှုံးလာမည့် ဈေးကွက်လျော့ကျမှုကို ပြန်လည် ဖြည့်ဆည်းနိုင်ရန် တရုတ်နှင့် တန်ချိန်သုံးသောင်း ရောင်းဝယ်ရန် ဈေးကွက်ရှာဖွေမှုကို ၂၀၁၈ ခုနှစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည့်အတွက် ယင်းနိုင်ငံကဲ့သို့ ဆောလျင်စွာ ဆောင်ရွက်ပါက မြန်မာနိုင်ငံဆန်စပါး ဈေးကွက်၏ ပဋိပက္ခဖြစ်ပွားမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

၂၀၁၇-၁၈ ခုနှစ်ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်း တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ် ပြည်ပ ဆန်စပါးတင်ပို့မှု လျော့ကျခဲ့သည့်အတွက် ၂ သန်းခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း ယင်းညီလာခံထံမှ သိရသည်။

တစ်နိုင်ငံလုံး၏ ဆန်စပါးထုတ်လုပ်မှုသည် ငွေကျပ် ဘီလီယံ ၅၀၀၀ ကျော် ထုတ်လုပ်နိုင်၍ ပြည်ပတင်ပို့မှုမှ တစ်နှစ်လျှင် ကျပ်ဘီလီယံ ၁၀၀၀ ကျော် ဝင်ငွေရှာဖွေပေးနိုင်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်သည် ၂၃ နှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှတ်တမ်းများအရ သိရသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံ ၃၆ နိုင်ငံသို့ ဆန်တင်ပို့လျက်ရှိသည်။

M-08