News

POST TYPE

NEWS

ကချင်ပြည်နယ်အစိုးရအဖွဲ့ မှ လစ်လပ်ဝန်ကြီးများအစားထိုးရန် ပြည်နယ်လွှတ်တော်အတည်ပြု
31-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးသုံးဦးနေရာအတွက် ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

လစ်လပ်ဝန်ကြီးများ ခန့်ထားနိုင်ရန် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးကို ခေါ်ယူထားခြင်းဖြစ်ပြီး အရေးပေါ် အစည်းအဝေးတတိယနေ့တွင် လစ်လပ်သွားသည့်ဝန်ကြီးများ နေရာတွင် အစားထိုးခန့်ရန် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့အတွင်း လစ်လပ်နေသည့်ဝန်ကြီးနေရာများအနက် စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် မိုးညှင်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ဦးကျော်ကျော်ဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဒါရှီလဆိုင်းတို့ကို အတည်ပြုခန့်အပ်ခဲ့သည်။

လက်ရှိစည်ပင်သာယာရေးဝန်ကြီး တာဝန်ယူထားသည့် ဦးနေဝင်းအနေနှင့် လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း ကချင်ပြည်နယ်လွှတ်တော်ထံမှ သိရသည်။

အဆိုပါဝန်ကြီးသုံးဦးကို ကချင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်၍ ဇန်နဝါရီလ ၃၁ (ယနေ့) တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ ကျမ်းကျိန်ကာ ကတိသစ္စာပြုမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ဝန်ကြီးဌာနပြောင်းမယ်ဆိုရင်တော့ ဝန်ကြီးအသစ်တစ်ယောက် ထပ်ခန့်ရမှာပေါ့။ အဲဒါကိုတော့ လွှတ်တော်က လက်မခံခဲ့လို့ သမ္မတလမ်းညွှန်ချက်အတိုင်း သုံးဦးပဲထပ်ခန့်လိုက်တဲ့သဘောပါ”ဟု ၎င်းက ရှင်းပြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်ကို နိုင်ငံတော်သမ္မတက တာဝန်မှရပ်စဲလိုက်ပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနှင့် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည့်အတွက် ဝန်ကြီးနေရာသုံးဦး လစ်လပ်သွားခြင်းဖြစ်သည်။

J-08