News

POST TYPE

NEWS

မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ဝ ကို ကျပ်သိန်း ၃၀၀ နီးပါးထောက်ပံ့
24-Jan-2019

မုံရွာ၊ ဇန်နဝါရီ ၂၄

တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရာမှ အခက်အခဲနှင့် ဒုက္ခများကြုံတွေ့ခဲ့ရပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမား ၆၀ ဦးကို တိုင်းအစိုးရအဖွဲ့ ဌာနဆိုင်ရာများနှင့် အလှူရှင်များကစုပေါင်း၍ ကျပ် ၂၉၁ သိန်းကျော် ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ အလုပ်သမားများကို ထောက်ပံ့ကြေးပေးအပ်ခြင်း၊ အသိပေးခြင်းနှင့် မိဘရပ်ထံ ပြန်လည်အပ်နှံခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျင်းပခဲ့ခြင်းဖြစ်သည်။ 

ယင်းအလုပ်သမားများမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကနီ၊ ကလေးနှင့် မင်းကင်းမြို့နယ်တို့မှနေ၍ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူများဖြစ်သည်။

တရုတ်နိုင်ငံ၊ ကြံစိုက်ခင်းအတွင်း သွားရောက်အလုပ်လုပ်ကိုင်ရာမှ အစာရေစာဖြတ်တောက်ခံထားရသည့် မြန်မာအလုပ်သမား ၄၅ ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီကယ်တင်ခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ၎င်းတို့မှာ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၄၅ ဦးအပြင် တရုတ်နယ်စပ်ရှိ ပင်လယ်စာ စက်ရုံတစ်ခုတွင် သွားရောက်အလုပ်ကိုင်ခဲ့သည့် အလုပ်သမား ၁၅ ဦး မှာလည်း ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်က မုံရွာမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့၍ အဆိုပါအလုပ်သမားများကိုပါ ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပြည်ပနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် အလုပ်သမား ၆၀ ဦးကို တစ်ဦးလျှင် ကျပ်လေးသိန်းရှစ်သောင်းခန့်နှင့် စောင်နှင့် အဝတ်အထည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ၎င်းတို့နေရပ်ဒေသ အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

R-08