POST TYPE

NEWS

တာချီလိတ်၌ ယာဉ်ဝင်တိုက်၍ စိတ်ကျန်းမာရေးမကောင်းသူ သေဆုံး
22-Jan-2019

ကျိုင်းတုံ၊ ဇန်နဝါရီ ၂၂

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး ဟွေပုံရွာအနီးတွင် ဇန်နဝါရီ ၂၁ ရက် နံနက် ၄ နာရီခွဲခန့်က အမည်မသိယာဉ် ဝင်တိုက်၍ စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့ အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။

“သေဆုံးသွားတဲ့ အမျိုးသားကြီးက အဲဒီအနီးအနား ရွာကလို့သိရတယ်။ တိုက်သွားတဲ့ယာဉ်က ဘာအမျိုးအစားမှန်း မသိရသေးသလို ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကိုလည်း မဖမ်းမိသေးဘူး”ဟု အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ဦးဝှေ့လယ် (၅၅ နှစ်)သည် ဝဲဘက်ဂျိုစောင်း ဖူးယောင်၊ ဝဲပါးပွန်းပဲ့၊ ဝဲလက်မောင်း ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့၍ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/ ၂၀၂ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်းကိုဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16