News

POST TYPE

NEWS

လူမှုကွန်ရက်ပေါ်တွင် ချစ်ကြိုက်ပြီး အပြင်တွင်ချိန်းတွေ့စဉ် အမျိုးသမီးကို သတ်သူအားဖမ်းမိ
22-Jan-2019

တောင်ငူ၊ ဇန်ဝါရီ ၂၂

ပဲခူးတိုင်း ပဲခူးမြို့နယ်အတွင်း လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်တွင် ချစ်ကြိုက်မိသူနှင့်ချိန်းတွေ့စဉ် စကားများရာမှ အမျိုးသမီးကို ခဲဖြင့်ထုသတ်ခဲ့သူကို ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့အမှတ် ၃ နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့နယ် ဥဿာမြို့သစ် ရပ်ကွက်ကြီး ၈ နာဂဝံ ၆ လမ်းနေ အသက် ၄၄ နှစ်အရွယ် ဒေါ်အေးအေးစန်း (ခေါ်) မအေးဆိုသူသည် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ကာ လူမှုကွန်ရက် ဖေ့စ်ဘွတ်မှတစ်ဆင့် ဆက်သွယ်ချစ်ကြိုက်ခဲ့သည့် ဥဿာမြို့သစ် (၁) ရပ်ကွက် အမှတ် ၈ လမ်းနေ မင်းခန့်ကျော် (၁၉ နှစ်)နှင့် မကြာခဏ တွေ့ဆုံခဲ့ကြနေရာမှ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်က အခင်းဖြစ်ရာ ပဲခူးမြို့နယ် နရဏီသိမ်အနီး လမ်းဘေးခြုံပုတ်တစ်ခုတွင် တွေ့ဆုံခဲ့ပြီးနောက် အလုပ်သွားလုပ်မည်ဖြစ်ကြောင်း အသိပေးသည်ကို လက်မခံသည့်ကိစ္စနှင့်ပတ်သက်ပြီး စကားများရာမှ အနီးရှိသစ်ပင်နှင့် အမျိုးသမီး၏ဦးခေါင်းကို စောင့်တိုက်ပြီးနောက် ခဲနှင့်ထုသတ်ကာ အလောင်းကို စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးမြို့အမှတ် ၃ နယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းလူသတ်မှုနှင့်ပတ်သက်ပြီး မင်းခန့်ကျော်ကို ပဲခူးမြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၉ နှင့် ကနဦး အမှုဖွင့်လှစ်ထားရာမှ ယခုအခါ (ပ)၂၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်လိုက်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15