News

POST TYPE

NEWS

လိုင်စင်မဲ့ ဧည့်လမ်းညွှန်ပပျောက်ရေး ရှောင်တခင်စစ်မည်
22-Jan-2019
မန္တလေး၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်းအတွင်း လိုင်စင်မဲ့ ဧည့်လမ်းညွန်ပပျောက်ရေးအတွက် ရှောင်တစ်ခင်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းထံမှ သိရသည်။

ခရီးသွားလုပ်ငန်းရှင်များ လိုင်စင်မဲ့ဧည့်လမ်းညွှန်အသုံးမပြုစေရေးနှင့် လိုင်စင်ရှိ ဧည့်လမ်းညွှန်များ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ကာကွယ်ရန်နှင့် ခရီးသွားလုပ်ငန်း စနစ်တကျဖြစ်ထွန်းစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောကြားသည်။

“လိုင်စင်ရဖို့အတွက် သင်တန်းတွေတက်ထားရတယ်။ ဒီသင်တန်းတွေကနေ လိုက်နာရမယ့် ကျင့်ဝတ်တွေသင်ပေးတယ်။ ဘာသာစကားတတ်ရုံ၊ ဗဟုသုတရှိရုံနဲ့ လမ်းညွှန်လုပ်လို့မရဘူး။ ဥပဒေတွေသိဖို့လိုတယ်။ လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန်လုပ်နေတာတွေ့ခဲ့ရင် ဟိုတယ်ခရီးကနေတစ်ဆင့် သတိပေးတာတွေလုပ်မှာပါ”ဟု ၎င်းက ပြောဆိုသည်။

လိုင်စင်မဲ့ဧည့်လမ်းညွှန်ပပျောက်ရေးအတွက် ဧည့်လမ်းညွှန်ဟုတ်မဟုတ် ရှောင်တစ်ခင်စစ်ဆေးခြင်း၊ လိုင်စင်မဲ့ဧည့်လမ်းညွှန် အသုံးမပြုစေရန်အတွက် ဧည့်သည်များသိရှိစေရန် ကြေညာခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းရှင်များကိုလည်း လိုင်စင်မဲ့ ဧည့်လမ်းညွှန် အသုံးမပြုစေရန် အသိပညာပေးခြင်းလုပ်ငန်းများကို ပြီးခဲ့သည့်တစ်ပတ်ကစ၍ အပတ်စဉ်ပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို မန္တလေးဧည့်လမ်းညွန်အသင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန၊ ခရီးသွားလုပ်ငန်း၊ ခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းထံမှ သိရသည်။

“ဒါကကောင်းတယ်။ ဧည့်လမ်းညွှန် မလုံလောက်လို့ဆိုပြီး ခွင့်ပြုထားတာရှိတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဧည့်လမ်းညွှန် တော်တော်များနေပါပြီ။ စည်းနဲ့ကမ်းနဲ့လုပ်ရမယ်။ ဒီလိုမှမလုပ်ဘူးဆိုရင် သင်တန်းတွေဖွင့်ထားတာ ဘာလုပ်မှာလဲ။ သေချာစစ်ဆေးရမယ်။ ထိုက်တန်တဲ့ အပြစ်ဒဏ်ပေးရမယ်။ ဒီလိုစစ်ဆေးတာက လုပ်သင့်တဲ့အလုပ်တစ်ခုပါ”ဟု ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ပြောကြားသည်။

မန္တလေးတိုင်းတွင် လိုင်စင်ရထားသည့် ဧည့်လမ်းညွှန် ၇ဝဝ ကျော်ရှိကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းထံမှ သိရသည်။ 

M-05


  • VIA