News

POST TYPE

NEWS

NLD ပါတီမှထုတ်ခံရသည့် တရားဝင်အမိန့်မရောက်သေး၊ ရောက်ပါက ဥပဒေအတိုင်းဆက်လုပ်မည်ဟု ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဆို
22-Jan-2019
ပုသိမ်၊ ဇန်နဝါရီ ၂၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ထုတ်ပယ်ခြင်းခံရသည့် ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ထံသို့ ပါတီမှထုတ်ပယ်သည့် တရားဝင်အမိန့်စာရောက်ရှိလာခြင်းမရှိသေးဘဲ ရောက်ရှိလာပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်တော့်ဆီကို အခုအချိန်အထိ ဘာ Order (အမိန့်) မှ မရောက်သေးပါဘူး။ ထုတ်ပယ်တယ်ဆိုတဲ့ Order တိကျခိုင်မာတဲ့အချက်အလက်၊ စာရွက်စာတမ်းတွေ မရသေးပါဘူး။ ရလာတဲ့အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့မှ ဘယ်လိုစွပ်စွဲခဲ့တယ်။ ဘယ်လိုသုံးသပ်ခဲ့တယ်ဆိုတဲ့အပေါ်မှာ ဖြေရှင်းချက်ပြန်လည် တင်ပြရမှာ ဖြစ်ပါတယ် ” ဟု ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောဆိုသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ ဖြင့် တိုင်းလွှတ်တော်ရုံးတွင် အသုံးပြုမည့် မော်တော်ယာဉ် ၅ စီး ဝယ်ယူခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူတစ်ဦး၏တိုင်ကြားမှုကြောင့် ၂၀၁၈-ခုနှစ် ဒီဇင်ဘာလအတွင်းက ပါတီရုံးချုပ်တွင် ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပါတီမှအပြီးတိုင် ထုတ်ပယ်ခံရသည့်အပြင် မော်တော်ယာဉ် ဝယ်ယူရာတွင်ပါဝင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကိုလည်း NLD ပါတီက ပြင်းထန်စွာသတိပေးခဲ့သည်။

ပါတီမှထုတ်ပယ်ခံရခြင်းကို ၎င်းအနေဖြင့် အော်ဒါမရောက်သဖြင့်မသိရသေးဘဲ သတင်းမီဒီယာများ၏ ဖော်ပြချက်အရသာ သိရှိရခြင်းဖြစ်ကြောင်း၊ ပါတီဗဟိုသို့ဆက်သွယ်သည့်အခါ ဆုံးဖြတ်ချက်အမိန့်ကို မကျေနပ်ပါက အယူခံနိုင်ကြောင်းပြောကြားခဲ့ပြီး မော်တော်ယာဉ်ဝယ်ယူသည့်ကိစ္စနှင့်ပတ်သက်ပြီး ၉ ဦး ပါဝင်သောအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ပါတီမှ အပြီးတိုင်ထုတ်ပယ်ခံရခြင်းသတင်းများ တက်လာသည့်အတွက် တိုင်းလွှတ်တော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေကြောင်း ဦးစံမင်းအောင်က ပြောကြားသည်။

ထို့ပြင် ၎င်း၏မဲဆန္ဒနယ်တွင်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ၏ စိုးရိမ်ထိတ်လန့်မှု၊ စိတ်ခံစားမှုဝေဒနာများပါရရှိခဲ့သဖြင့် အဆိုပါကိစ္စရပ်များကို ဖြေဖျောက်နိုင်ရေးအတွက် ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တိုင်းလွှတ်တော်အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်အထိ တစ်စုံတရာအရေးယူဆောင် ရွက်ရန်မရှိသေးဘဲ ထူးခြားမှုရှိသည့်အခါ ထုတ်ဖော်ပြောကြားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

R-11