POST TYPE

NEWS

ဆိုင်ကလုန်း မုန်တိုင်း ဆက်ရှိ၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးသက်လေပြင်း ကျရောက်နိုင်
26-Oct-2016 tagged as မုန်တိုင်း

ရန်ကုန်၊ အောက်တိုဘာ ၂၆

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း “ကြံ့”( KYANT) သည် ဆက်လက် တည်ရှိနေကာ ယင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းသည် အနောက်-အနောက် တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၃၆ဝ ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် ၃၅၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက် တောင်ဘက် ၃၃၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့ တောင်ဘက် မိုင် ၃၁ဝ ခန့်နှင့် မာချီလီ ပတ္တနမ်မြို့၏ အရှေ့-အရှေ့မြောက်ဘက် ၄၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ယင်းဆိုင်ကလုန်း မုန်တိုင်းသည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဖြစ်ကြောင်း ယင်းဌာနက ခန့်မှန်းထားသည်။

လက်ရှိတွင် ယင်းဆိုင်ကလုန်း မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိ၍ အဝါရောင် အဆင့်ဟု သတ်မှတ်ထားသော်လည်း မုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်း ကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ထို့ပြင် အောက်တိုဘာလ ၂၇ ရက် နေ့မှ နောက်သုံးရက်အတွင်း ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး မွန်-မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ် များနှင့် သင်္ဘောများသည် ကြိုတင်သတိ ပြုထွက်ခွာရန် လိုအပ်ကြောင်း မိုး/ဇလ ဌာနက အကြံပြုထားသည်။