News

POST TYPE

NEWS

အသက်မပြည့်သေးသည့် မိန်းကလေးနှစ်ဦးအား မုဒိမ်းကျင့်သူကို ထောင်ဒဏ် ၄၃ နှစ်ချ
17-Jan-2019

ကလေး၊ ဇန်နဝါရီ ၁၇

အသက်မပြည့်သေးသည့် မိန်းကလေးငယ်နှစ်ဦးကို မုဒိမ်းကျင့်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တရားရုံးတွင် တရားစွဲခံခဲ့ရသည့် ခရစ်ယာန် (ဧဝံဂေလိ) တရားဟောဆရာ ဦးလာလ်ဗျက်လားရ် (၃၃ နှစ်)ကို ဇန်နဝါရီလ ၁၆ ရက်နေ့က ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခဲ့ကြောင်း ကလေးခရိုင်တရားရုံးမှ သိရသည်။

ဖလမ်းမြို့မှ ကလေးမြို့ လက်ပံချောင်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် လာရောက်နေထိုင်သည့် ၁၅ နှစ်အရွယ် မိန်းကလေးကို ၂၀၁၅ ခုနှစ် ဇွန်လကလည်းကောင်း၊ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ၂၀၁၈ ခုနှစ် ဧပြီလအတွင်းကလည်းကောင်း မုဒိမ်းကျင့်ခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မိန်းကလေးငယ်များ၏မိဘများက ကလေးမြို့နယ် တာဟန်းရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့သည်။

ယင်းနောက် ၎င်းကို ပုဒ်မလေးခုဖြင့်အမှုဖွင့်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှစတင်၍ ကလေးခရိုင်တရားရုံးတွင်စစ်ဆေးခဲ့ပြီး ရှစ်လအကြာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီတွင် ထောင်ဒဏ် ၄၃ နှစ်ကျခံစေရန် ကလေးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးလာလ်ဗျက်လားရ်ကို ကလေးခရိုင်၊ တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် ထောင်ဒဏ် အနှစ် ၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ အရ ထောင်ဒဏ်အနှစ် ၂၀၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၂၃ (နာကျင်စေမှု) အတွက် ထောင်ဒဏ်တစ်နှစ်၊ စုစုပေါင်းထောင်ဒဏ် ၄၃ နှစ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

R-20