News

POST TYPE

NEWS

မြန်မာ့သနပ်ခါးနေ့ အခမ်းအနား မြို့လေးမြို့တွင် ကျင်းပမည်
17-Jan-2019

မုံရွာ၊ ဇန်နဝါရီ ၁၇

တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်၍ ရွှေဘိုအပါအဝင် မြို့နယ်လေးခုတွင် သနပ်ခါးပွဲတော်ကို အခမ်းအနားကိုကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ပြောကြားသည်။

မြန်မာ့သနပ်ခါးနေ့အခမ်းအနားကို ရွှေဘို၊ အရာတော်၊ ရေစကြိုနှင့် မြိုင်မြို့နယ်တို့တွင် တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်)၌ ကျင်းပသွားမည်ဖြစ်ပြီး သနပ်ခါးထင်းဖြင့် တန်ခိုးကြီးဘုရားများတွင် ဘုရားမီးပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ သနပ်ခါးလက်ကမ်းစာစောင်များဝေငှခြင်းအပြင် သနပ်ခါးနှင့် သက်ဆိုင်သည့် စာပေဟောပြောပွဲများကို ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“မြန်မာလူငယ်တွေ သနပ်ခါးကိုချစ်တတ်ပြီး သနပ်ခါးလိမ်းတဲ့ ယဉ်ကျေးမှု မပပျောက်အောင် တပို့တွဲလမှာ ချမ်းအေးလို့ ဘုရားခြေတော်လက်တော် မီးလှုံတဲ့ဓလေ့ဖော်ကျူးပြီး ပူဇော်ပွဲ သနပ်ခါးနေ့အဖြစ် ကျင်းပရတာဖြစ်ပါတယ်”ဟု ဦးကျော်မိုးက ရှင်းပြသည်။

စစ်ကိုင်းတိုင်းအတွင်း အရာတော်၊ ဘုတလင်၊ ရွှေဘို၊ ကန့်ဘလူ၊ ကနီ၊ ယင်းမာပင်၊ မြင်းမူနှင့် မုံရွာမြို့တို့တွင် သနပ်ခါး စိုက်ပျိုးသူများအသင်းကိုဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတွင် စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ မန္တလေး၊ ရခိုင်၊ ရှမ်းနှင့် ပဲခူးတိုင်းတို့မှ စိုက်ပျိုးသူများနှင့် သနပ်ခါးလုပ်ငန်းရှင်များပါဝင်သည်။

R-08