News

POST TYPE

NEWS

ချောက်တွင် ကျပ်သိန်း ၁၄၀ ကျော်သုံးစွဲ၍ ကျေးလက်ဒေသသုံး သစ်တောစိုက်ခင်းတည်ထောင်မည်
17-Jan-2019


ချောက်၊ ဇန်နဝါရီ ၁၇

မကွေးတိုင်း ချောက်မြို့ ကြေးနီကျေးရွာအနီးရှိ မြေလွတ်မြေလပ် ဧက ၂၀ ဖြင့် ကျေးလက်ဒေသသုံး သစ်တောစိုက်ခင်းတည်ထောင်ရန် တိုင်းအစိုးရဘတ်ဂျက် ကျပ်သိန်း ၁၄၀ ကျော်သုံးစွဲ၍ ၂၀၁၉ ခုနှစ်အတွင်း သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းမြို့သစ်တောဦးစီးဌာနထံမှ သိရသည်။

“ဒီလုပ်ငန်းကို ၆ လစီနှစ်ပိုင်းခွဲပြီး ဆောင်ရွက်သွားမယ်။ ယခု ဇန်နဝါရီလ ပထမပတ်ထဲမှာ ပန္နက်ရိုက်ပြီး မြေကျင်းတူးခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးပြီ။ မြေဩဇာစုဆောင်ခြင်းလုပ်ငန်းဖြစ်တဲ့ မြေဆွေးနဲ့ နွားချေးတွေစုဆောင်းပြီး သစ်ပင်ကျင်းတွေထဲမှာ ထည့်တဲ့လုပ်ငန်းဆက်လက်ဆောင်ရွက်မယ်။ ခုမိုးရွာသီရောက်ရင် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမှာ”ဟု ယင်းစိုက်ခင်းတာဝန်ခံ တောအုပ်တစ်ဦးက ပြောဆိုသည်။

ယင်းသစ်တောစိုက်ပျိုးခြင်းလုပ်ငန်းကို ယခုနှစ် ပထမ ၆ လတွင် ကျပ်သိန်း ၈၀ နီးပါးသုံးစွဲပြီး သစ်ပင်ကျင်းတူးခြင်း၊ စိုက်ပျိုးခင်းခြံဆောက်လုပ်ခြင်း၊ ပျိုးပင်တည်ထောင်ခြင်း၊ မြေဆွေး၊ နွားချေးဝယ်ယူ စုဆောင်းခြင်းနှင့် စိုက်ကျင်းများအတွင်း မြေဆွေးထည့်ခြင်းလုပ်များဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒုတိယ ၆ လတွင် ကျပ်သိန်း ၆၀ ကျော်သုံးစွဲ၍ ပျိုးပင်သယ်ယူခြင်း၊ သစ်ပင်စိုက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် အစားထိုးသစ်ပင်စိုက်ခြင်းလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယခုနှစ် မိုးရာသီ၌ ယင်းသစ်တောတွင် ယူကလစ်ပင်နှင့် ယင်းမာပင် ၂၄၂၀၀ ကျော်နှင့် သစ်တောစိုက်ခင်း ဘေးပတ်လည် ဝါးပင် ၂၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း ယင်းသစ်တောဦးစီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ်က တိုင်းအစိုးရဘတ်ဂျက် ကျပ်သိန်း ၁၄၀ ကျော်သုံးစွဲပြီး စိုက်ပျိုးထားသော ချောက်မြို့ ဖိုကုန်းကျေးရွာအနီးရှိ ကျေးရွာသုံးစိုက်ခင်း ဧက ၂၀ ကို ဖေဖော်ဝါရီလအတွင်း၌ ယင်းကျေးရွာထံ လွှဲပြောင်းပေးအပ်နိုင်ရန် စီစဉ်နေကြောင်း ယင်းသစ်တော၌ ယူကလစ် ၂၄၂၅၇ ပင်၊ ဝါး ၁၅၀ ပင်နှင့် မန်ဂျန်ရှားပင် ၁၀၀ စိုက်ပျိုးထားပြီး သစ်ပင်များ၏ ရှင်သန်မှု ၈၄ ဒသမ ၅၇ ရာခိုင်နှုန်း စိုက်ခင်းအောင်မြင်မှုရှိကြောင်း ယင်းဌာနထံမှ သိရသည်။

R-24