News

POST TYPE

NEWS

ဟင်္သာတတွင် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေ
17-Jan-2019

ဟင်္သာတ၊ ဇန်နဝါရီ ၁၇

ဟင်္သာတတက္ကသိုလ် အဓိကဝင်ပေါက်ရှေ့တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်က ဆိုင်ကယ်စီးဦးထုပ်အလုံးရေ နှစ်ရာခန့်ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း ဟင်္သာတခရိုင်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကော်မတီထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွား ဆိုင်ကယ်ယာဉ်မောင်းများကို ဆိုင်ကယ်စီးဦးထုပ်များ ဖြန့်ဝေပေးခဲ့သည့်အပြင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပေး ပြောကြားခဲ့ကြောင်း၊ အဆိုပါအစီအစဉ်၌ အမျိုးသား ယာဉ်အန္တရာယ်ကင်းရှင်းရေး ကော်မတီ၊ ဟင်္သာတတက္ကသိုလ်တို့ ဦးဆောင်မှုဖြင့် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီနှင့် ဟင်္သာတမြို့ပေါ်ရှိ စေတနာရှင်ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဟင်္သာတခရိုင် ယာဉ်ထိန်း ရဲတပ်ဖွဲ့တာဝန်ခံအရာရှိ ရဲအုပ်လူလှက ပြောကြားသည်။

ဆိုင်ကယ်စီးဦးထုပ်များ ဖြန့်ဝေပေးခဲ့ပြီးနောက် ဟင်္သာတ ဆိုင်ကယ်ချစ်သူများအဖွဲ့က ဆိုင်ကယ်အစီးရေ ၂၀ ၊ ဟင်္သာတ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက ဆိုင်ကယ်အစီးရေ ၁၀၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်အစီးရေ ၄၀၊ ဆရာ၊ ဆရာမများအဖွဲ့က ဆိုင်ကယ်အစီးရေ ၃၀၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ၏ ဆိုင်ကယ် ၁၈ စီး အပါအဝင် ဆိုင်ကယ်အစီးရေ နှစ်ရာကျော်ဖြင့် ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများဦးဆောင်၍ ဟင်္သာတမြို့တစ်ပတ် လှည့်လည်ကာ ဆိုင်ကယ်စီးဦးထုပ်ကမ်ပိန်းကို ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“ဆိုင်ကယ်တွေနဲ့မြို့ကို တစ်ပတ်ပတ်ပြီး ဦးထုပ်တွေ စနစ်တကျ ဆောင်းပြတယ်။ လူကြီးလူငယ်အားလုံး အသက်အန္တရာယ် ကင်းရှင်းဖို့ဆိုတာ ကိုယ်တိုင် စည်းကမ်းလိုက်နာမှရမှာပါ။ ဒီအတွက် ကျွန်တော်တို့က စနစ်တကျ ဦးထုပ်ဆောင်းပြတာပါ”ဟု ဟင်္သာတမြို့ ဆိုင်ကယ်ချစ်သူများအဖွဲ့မှ ဦးအောင်ကိုလတ်က ဆိုသည်။

R-13