News

POST TYPE

NEWS

ချောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး တီဗွီကြည့်နေစဉ် ဓားဖြင့်ထိုးသတ်ခံရ
15-Jan-2019
ချောက်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း ချောက်မြို့နယ် လင်းတကိုင်းကျေးရွာတွင် ဇန်နဝါရီလ ၁၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ယင်းကျေးရွာအုပ်ချုပ်ရေးမှူးသည် တီဗွီကြည့်နေစဉ် ဓားထိုးခံရ၍ သေဆုံးခဲ့ကြောင်း ယင်းမြို့ရဲစခန်းထံမှ သိရသည်။

အဆိုပါကျေးရွာနေ အိမ်ရှင်ဖြစ်သူ ဦးဆန်းဝင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း (၃၉ နှစ်)တို့နှင့်အတူ တစ်ရွာတည်းနေသူနှစ်ဦးတို့ တီဗွီကြည့်နေစဉ် တစ်ရွာတည်းနေ ဝင်းဦး (၄၀ နှစ်)မှ ဝင်ရောက်လာပြီး နောက်မှ ဦးအောင်ဇော်မင်း၏ ဝဲဘက်လည်ပင်းကို ဓားဖြင့်ထိုးသဖြင့် အရှည် ၅ လက်မခန့်ရှိ ပြတ်ရှဒဏ်ရာဖြင့် ယင်းနေရာတွင် သေဆုံးခဲ့ကြောင်း ယင်းရဲစခန်း၏ ရဲမှတ်တမ်းအရ သိရသည်။

ထွက်ပြေးတိမ်းရှောင်ခဲ့သော တရားခံ ဝင်းဦး(၄၀ နှစ်)ကို ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက ပြန်လည်ဖမ်းမိခဲ့ပြီး စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ချောက်မြို့ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လင်းတကိုင်းကျေးရွာနေ ဝင်းဦး(၄၀ နှစ်)ကို ချောက်မြို့မရဲစခန်း ရာဇသတ်ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းစခန်းထံမှ သိရသည်။

R-24