News

POST TYPE

NEWS

ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ၌ ကျောက်မျက်အရိုင်းတုံးများ ရောင်းချခွင့်ရ
12-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ဒုတိယအကြိမ်ကျင်းပသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် ကျောက်မျက်အရိုင်းတုံးများ ရောင်းချခွင့်ကို ပထမဆုံးအကြိမ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ယခုပြပွဲတွင် ကျောက်မျက်အရိုင်းတုံးများကို ရောင်းချခွင့်ပြုခဲ့သည့်အပြင် လေလံဆွဲရောင်းချခြင်းကို ခွင့်ပြုခဲ့ကြောင်း၊ ပြပွဲ၏ ထူးခြားချက်အဖြစ် ကျောက်မျက်ရတနာ အတုအစစ်ခွဲခြားနိုင်သည့် ဓာတ်ခွဲခန်းလည်းပါဝင်ကြောင်း ယင်းအသင်းထံမှ သိရသည်။

"အရင်ကဆို ကျောက်မျက်အလွတ်ရောင်းချခြင်း (ကျောက်မျက်အရိုင်းတုံးရောင်းချခြင်း) ဟာ အစိုးရကကျင်းပပေးတဲ့ နေပြည်တော် ကျောက်မျက်ပြပွဲမှာမှ ရောင်းချခွင့်ရှိတာ။ ဒီနှစ်မှာဆိုရင်တော့ ရောင်းချခွင့်ရရှိတဲ့အတွက် တရားမဝင်လမ်းကြောင်းကထွက်တဲ့ ကျောက်တွေနည်းသွားနိုင်ပြီး နိုင်ငံတကာလည်း ကျောက်မျက်လောကကို စိတ်ဝင်စားလာနိုင်ပါတယ်" ဟု ယင်းအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၀ဝ ခန့်ကို လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာ နှစ်သောင်းနှင့်အထက် သတ်မှတ်ထားကြောင်း ယင်းအသင်း၏ အတွင်းရေးမှူး ဒေါ်ကလျာပြည့်ဝေလျှန်က ပြောကြားသည်။

ဒုတိယအကြိမ်ကျင်းပသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲကို ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့ ခြောက်မိုင်ခွဲရှိ Lotte ဟိုတယ်တွင် ကျင်းပနေခြင်းဖြစ်သည်။

J-13