News

POST TYPE

NEWS

ဘားအံသစ်တောရုံးဝင်းအတွင်း လက်ပစ်ဗုံးသီးဟောင်းနှစ်လုံးတွေ့
10-Jan-2019


ဘားအံ၊ ဇန်နဝါရီ ၁၀

ဘားအံမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ အင်ကုန်းလမ်းရှိ မြို့နယ်သစ်တောဦးစီးဌာန(ဘားအံ) ရုံးဝင်းအတွင်း ပိုင်ရှင်မဲ့ လက်ပစ်ဗုံးသီးဟောင်းနှစ်လုံးကို ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က တွေ့ရှိခဲ့ရကြောင်း ဘားအံမြို့မရဲစခန်း(နယ်ထိန်းတပ်ဖွဲ့) ထံမှ စုံစမ်းသိရှိရသည်။ 

မြို့နယ်သစ်တောဦးစီးမှူးက ၎င်း၏နေအိမ် အနောက်ဘက်အဆောက်အအုံနှင့် သုံးပေခန့်အကွာ မြေပြင်ပေါ်တွင် ဗုံးသီးဟု ယူဆရသောပစ္စည်းတစ်ခုကို တွေ့ရှိသည်ဟု အကြောင်းကြားချက်အရ မိုင်းရှင်းလင်းရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးကာ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းလက်ပစ်ဗုံးဟောင်းအပြင် နေအိမ်ခေါင်းရင်းကပ်လျက် တံစပ်မိတ်အောက် ရေမြောင်းအတွင်း၌ လက်ပစ်ဗုံးသီးအဟောင်းတစ်လုံးကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းရဲစခန်းမှ သိရသည်။ 

“နှစ်လုံးစလုံးကတော့ လက်ပစ်ဗုံးအဟောင်းကြီးပဲ။ စစ်အင်ဂျင်နီယာတပ်ရင်း စတခ(၁၉၅) ကလည်း လာစစ်တယ်။ ဒါကသူတို့နဲ့ဆိုင်တယ်ဆိုတော့ သူတို့ကိုကိုလွှဲပေးလိုက်တယ်” ဟု သက်ဆိုင်ရာ နယ်ထိန်းတစ်ဦးက ပြောဆိုသည်။

အဆိုပါလက်ပစ်ဗုံးဟောင်းနှစ်လုံးမှာ မြန်မာနိုင်ငံလုပ် ဘီအေ ၉၁ အမျိုးအစား လက်ပစ်ဗုံးသီးဟောင်းများဖြစ်ပြီး ဗုံးကိုယ်ထည်အတွင်း စနစ်တံပါရှိသော်လည်း လီဗာတံနှင့် လက်ကိုင်ကွင်းများ မရှိတော့ကြောင်း၊ ဗုံးကိုယ်ထည်နှင့် အနည်းငယ်အကွာတွင် စနက်တံ/ဗုံးသီးကလစ်ခေါင်းတို့ကို သီးခြားစီတွေ့ရှိရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

R-17