News

POST TYPE

NEWS

ပုဂံတွင် ဟိုတယ်နှင့် အစားအသောက်ပြတ်လပ်လုနီးပါး ခရီးသွားများပြည့်
01-Jan-2019


ချောက်၊ ဒီဇင်ဘာ ၃၁

ယခုနှစ်ဒီဇင်ဘာနှင့် နှစ်သစ်ကူးရုံး ပိတ်ရက်များ ဆက်တိုက် ကျရောက်သဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံတွင် ဟိုတယ်များအားလုံး အခန်းလွတ်မကျန်တော့ဘဲ စားသောက်ဆိုင်များတွင် အစားအသောက်များ ပြတ်လပ်လုနီးပါးအထိ ပြည်တွင်း ပြည်ပ ခရီးသွားများ ပြည့်ကျပ်နေကြောင်း ဒေသခံများနှင့် လာရောက် လည်ပတ်သူများထံမှ သိရသည်။

“ဟိုတယ်၊ တည်းခိုဆောင်၊ ဘုန်းကြီးကျောင်း၊ ဘုရားဇရပ်တွေမှာ နေရာမရှိလို့ တချို့ဆို အိမ်တွေလိုက်တည်းကြတယ်။ တချို့ကျ လမ်းဘေးသစ်ပင်ကြီးတွေနား ကားတွေရပ်ပြီး အိပ်ရတဲ့အထိ အနယ်နယ် အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေ လာရောက်ဖူးမြော်ကြတယ်”ဟု ပုဂံအာနန္ဒာဘုရားမှ ဈေးသည် ကိုစိုးလွင်က ပြောဆိုသည်။

ပုဂံသို့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်တွင်းခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားသည့်အတွက် သရပါ တံခါး၊ မနူဟာဘုရား၊ လောကနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရားများအနီးရှိ လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှု တစ်နာရီခန့်အထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ထမင်းဆိုင်တွေ စားသောက်ဆိုင်တွေဆို ချက်ပြုတ်လို့ကို မနိုင်ဘူး။ ဈေးသည်တွေအကုန်လုံး ဈေးရောင်းကောင်းချက်တော့ အရင်ထက် အဆပေါင်းမြောက်မြားစွာ ရောင်းကောင်းတာပေါ့”ဟု ပုဂံရှေးဟောင်း နယ်မြေအတွင်း ဈေးဆိုင်ဖွင့်ထားသည့် ဈေးဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ပုဂံ - ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဟိုတယ်ဇုန်လေးဇုန်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်း စုစုပေါင်း ၁၀၀ ကျော်တွင် အိပ်ခန်းလွတ်မရှိတော့ကြောင်း၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်းကထက် ပြည်တွင်းဧရီးသွား လာရောက်တည်းခိုမှု သည် ၅ ဆ တိုးမြင့်လာကြောင်း ပုဂံဟိုတယ်လုပ်ငန်းရှင်များအသင်း တွဲဖက်ဘဏ္ဍာရေးမှူး ဦးအောင်ကြီးက ပြောကြားသည်။

R-24