News

POST TYPE

NEWS

တရုတ်ပို့မည့် သစ်သီးကား တစ်ထောင်ကျော် မူဆယ်တွင် ပိတ်မိ
28-Dec-2018


ရန်ကုန်၊ ဒီဇင်ဘာ ၂၇

တရုတ်နိုင်ငံသို့ သစ်သီးအဓိကတင်ပို့ရာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက် ကျင်စန်းကျော့ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က လုံခြုံရေးအရ စတင်ပိတ်ဆို့လိုက်သောကြောင့် သစ်သီးအရောင်းအဝယ်ရပ်တန့်ကာ ကုန်တင်ကားအစီးရေ တစ်ထောင့်တစ်ရာကျော် ပိတ်မိလျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိရသည်။

“မြန်မာဘက်က လုံခြုံရေးအရ ပိတ်တယ်လို့တော့ စရဖက လာရှင်းပြသွားတယ်။ (ဒီဇင်ဘာ) ၂ ရက်နေ့ လောက်က လုံခြုံရေးယူနေတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဝင်ပစ်သွားကတည်းက တိုင်းမှူးက ပိတ်ခိုင်းထားတာလို့ ပြောတယ်။ သစ်သီးရောင်းခွင့်ကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် တာဝန်ခံ ဒေါ်ကြည်ကြည်ခိုင်က ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ဝန်းကျင်က မူဆယ် ၁၀၅ မိုင်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်သွားကတည်းက တိုင်းမှူးက နယ်စပ်ဂိတ်ပိတ်ရန် ပြောဆိုခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး (စရဖ) က လာရောက်ရှင်းပြသွားကြောင်း ၎င်းက ပြောဆိုသည်။

နောက်ဆက်တွဲရရှိသည့် ဒီဇင်ဘာ လ ၂၇ ရက်နေ့ ညနေပိုင်းသတင်းများအရ ပိတ်မိနေသည့် သစ်သီးတင်ကားများ၏ အခက်အခဲကြောင့် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းချက်ဖြင့် ပန်ဆိုင်း-ကြူကုတ် နယ်စပ်ဂိတ်မှတစ်ဆင့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစကာ သစ်သီးများကို တရုတ် နိုင်ငံသို့ တင်ပို့ခွင့်ပြုလိုက်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိ ရသည်။

“ပန်ဆိုင်း-ကြူကုတ်ဂိတ်က ကျင်စန်းကျော့ထက် ရှစ်မိုင်ကျော်လောက်ဝေးတယ်။ အသီးကို နောက်ရက်မှရောင်းမယ်။ လမ်းပေါ်က ကားတွေကို အရင်ရှင်းမယ်လို့ ပြောတယ်။ ဒါပေမဲ့ အကုန်လုံးကို သဘောတူညီချက်တောင်းနေတယ်” ဟု သစ်သီးဝလံ ကုန်စည်ဒိုင် တာဝန်ခံ ဒေါ်ကြည်ကြည်ခိုင် က ပြောဆိုသည်။

လက်ရှိတွင် ကျင်စန်းကျော့ဂိတ် ပေါက်မှတစ်ဆင့် ရာသီပေါ်သီးနှံများဖြစ်သည့် ဖရဲသီး၊ သခွားမွှေးနှင့် ရေထွက်ကုန်များ အဓိက တင်ပို့နေခြင်းဖြစ်သည်။

“၁၀၅ မိုင်မှာ သစ်သီးရောင်းပြီးရင် ကျင်စန်းကျော့ဂိတ်မှာ သွားလှယ်ရတာ။ ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့က ၅ မိုင် လောက်ကွာတယ်။ ဒီကြားထဲမှာ အဲဒီ အစီးရေ ၁၁၀၀ က ပိတ်မိနေတာ။ နယ်စပ် ဂိတ်က လေးပေါက်ရှိတာကို ဒီတစ်ပေါက်တည်း ရွေးပိတ်တာ” ဟု ခွာညိုသစ်သီးပွဲရုံ ကုမ္ပဏီ ဒါရိုက်တာ ဦးစိုင်းမင်းလူနောင်က ဆိုသည်။

တရုတ်နိုင်ငံသို့ ဝမ်တိန်နှင့် ကျယ် ခေါင်ဂိတ်ပေါက်များမှတစ်ဆင့် တင်ပို့ ပါကလည်း အတင်အချပြုလုပ်ရသည့် နေရာအခက်အခဲများကြောင့် ယင်းဂိတ် ပေါက်များမှ တင်ပို့၍မရကြောင်း သစ်သီး ကုန်သည်များက ပြောကြားသည်။

“စီးပွား။ကူးသန်းနဲ့ တာဝန်ရှိတဲ့သူ တွေကတော့ ရောင်းထားတဲ့သစ်သီးတွေ နဲ့ ရေခဲငါး၊ ကဏန်း၊ ငါးရှဥ့်တို့ကို ဝင်လို့ရအောင် လိုက်ညှိပေးနေတယ်။ ဘယ်လို ဆက်ဖြစ်ဦးမလဲတော့ မသိဘူး” ဟု ဒေါ်ကြည်ကြည်ခိုင်က ဆက်လက်ပြောဆိုသည်။

တာဝန်ရှိသူများနှင့် ကုန်စည်ဒိုင်မှ တာဝန်ရှိသူများက ရန်ကုန်နှင့် မန္တလေးဘက်မှ သစ်သီးတင်လာသည့်ကားများနှင့် သစ်သီးခူးဆွတ်မည့် တောင်သူများကို ရှေ့ဆက်မလာရန် အကြောင်းကြားမှုများ ပြုလုပ်လျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိရသည်။

“နယ်စပ်ဂိတ် မပိတ်ခင်ကတည်း က နှစ်ရက်လောက် နောက်ကျသွားရင် တရုတ်က မယူတော့ဘူးတို့၊ ဈေးလျှော့ တာတို့၊ ပြန်လှည့်တို့၊ လျော်ကြေးပေးတာတွေက အရင်ကတည်းကဖြစ်နေတာ။ အခုမှနစ်နာတာ မဟုတ်ဘူး” ဟု ဖရဲ၊ သခွားမွှေးကုန်သည်တစ်ဦးက ပြောကြားသည်။

ကျင်စန်းကျော့ နယ်စပ်ဂိတ်ပေါက် မပိတ်မီ ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ တရုတ်နိုင်ငံဘက်က စစ်ဆေးမှုများကို တင်းကျပ်နေခြင်းဖြစ်ကြောင်း ယင်းကုန်သည်များထံမှ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးမှ တရုတ်သို့ ဖရဲသခွားတင်ပို့မှုတွင် မူဆယ် ၁၀၅ မိုင်အလွန် ကျင်စန်းကျော့ဂိတ်မှ လုံခြုံရေးစစ်ဆေးမှုများ တင်းကျပ်လုပ်ဆောင်မှုကြောင့် ဖရဲတင်ကားများ ရာချီပိတ်မိနေရာမှ တရုတ်ဂိတ်ကဝယ်ယူမှုကိုလည်း ယမန်နေ့(ဒီဇင်ဘာ ၂၆) က ပိတ် လိုက်၍ ရောင်းဝယ်တင်ပို့သူများ အခက် အခဲကြုံနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

စစ်ကိုင်းတိုင်း ၁၇ မြို့နယ်တွင် ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ ရှိနေပြီး တရုတ်နယ်စပ်သို့ တင်ပို့ရောင်းချမှု အားကောင်းနေစဉ် ယခုနှစ် ဒီဇင်ဘာ လ ၂၀ နောက်ပိုင်းတွင် မကြုံဖူးသည့် ကြန့်ကြာမှုအခက်အခဲများကြောင့် တင်ပို့ မှုနှေးကွေးရာမှ ယမန်နေ့က သစ်သီးဝယ် ယူမှု ပွဲရုံလုံးဝပိတ်ပြီး ဖရဲအဝယ်ရပ်တန့် သွားသဖြင့် စစ်ကိုင်းမှ ဖရဲစိုက်ပျိုးတင်ပို့ သူများ အခက်အခဲတွေ့နေရကြောင်း ယင်းအသင်း၏ဥက္ကဋ္ဌ ဦးစိုးလွင်က ပြော ကြားသည်။

“ဒီဇင်ဘာ ၂၀ ရက်ကစပြီး တရုတ် ဂိတ်က သူတို့ဆီဝင်မယ့် ကားမောင်းသမားတွေကို စစ်ဆေးမှုတင်းကျပ်တယ်။ မှတ်ပုံတင်မပါ မဝင်ရဘူး။ လူတစ်ယောက် စစ်ဆေးတာ ၂ နာရီလောက်ကြာနေ တယ်။ ကုန်စိမ်းသီးနှံမို့ တစ်ရက်နဲ့ အရင်လိုဝင်ခွင့်မရဘဲ သုံးရက်၊ လေးရက်ကြာ စောင့်နေရတော့ ဈေးချဝယ်တာမျိုး အသီးအရည်အသွေးလျော့တာ ဖြစ်တယ်” ဟု ၎င်းကပြောဆိုသည်။

လက်ရှိဖြစ်ပေါ်နေသည့် နယ်စပ်ကုန်သွယ်ရေးအခြေအနေနှင့် ကျင်စန်းကျော့ဂိတ်လမ်းပိတ်ဆို့မှု အခြေအနေကြောင့် တောင်သူများ နစ်နာဆုံးရှုံးမှု ပိုမိုများပြားလာနိုင်သဖြင့် အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် သစ်သီးရောင်းကွင်းကို ဒီဇင် ဘာလ ၂၇ ရက်နေ့မှစတင်၍ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်ကြောင်း ယင်းကုမ္ပဏီ က ထုတ်ပြန်ခဲ့သည်။

J-11၊ R-08