News

POST TYPE

NEWS

ဧရာဝတီတိုင်း ရေချိုငါးငါးပိ ရောင်းအားကျ
27-Dec-2018
ဟင်္သာတ၊ ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသအချို့ရှိ ငါးပိငံပြာရည်အရောင်းဆိုင်များနှင့် ပွဲရုံများတွင် ရေချိုငါးငါးပိများ ဈေးကွက်မြင့်တက်လာသော်လည်း ရောင်းအားသိသာစွာ ကျဆင်းလာကြောင်း လုပ်ငန်းရှင်အများစုထံမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်များက နေ့စဉ် ပိဿာချိန် တစ်ရာခန့်ရောင်းရသည့်ပွဲရုံ၌ ယခုနှစ်အတွင်း နေ့စဉ်ပိဿာချိန် ၃၀ ကုန်ရန် မလွယ်ကူကြောင်း၊ ယင်းအပြင် အရောင်းဆိုင်ငယ်များ၌ ရောင်းအားသုံးပုံနှစ်ပုံခန့် အထိကျဆင်းလာပြီး အဝယ်လုံးဝမရှိသည့်နေ့မျိုးပင် ကြုံတွေ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ဒီရောင်းအားက ကျမှာပဲလေ။ ဒီနှစ်ပိုဆိုးတယ်။ အဓိကအချက်က တောင်သူတွေ အဆင်မပြေဘူး။ တောင်သူတွေကသာ တစ်အိမ်ကို ပိဿာချိန်ရာချီဝယ်ပြီး စာရင်းငှားတွေ မိသားစုတွေစားဖို့ လှောင်ထားတာ”ဟု ဟင်္သာတမြို့ခံ၊ ငါးငါးပိကုန်သည် ဦးအောင်လှက ပြောဆိုသည်။

ဈေးနှုန်းမြင့်တက်လာသည့် အဆိုပါ ရေချိုငါးငါးပိများကို တောင်သူများက ပိဿာချိန်များစွာ မဝယ်ယူနိုင်ခြင်းမှာ မတ်ပဲဈေးနှင့် စပါးဈေးများပေါ် အခြေခံကြောင်း၊ မတ်ပဲဈေးကွက်ကျဆင်းပြီးနောက် အလုပ်သမား အင်အားလျှော့ချခြင်း စားသုံးကုန်ဖြစ်သည့် ရေချိုငါးငါးပိကို လေးပုံသုံးပုံခန့် လျှော့ချဝယ်ယူခြင်းများ ပြုလုပ်နေရကြောင်း၊ တစ်နှစ်လျှင် ငါးငါးပိကုန်ချိန် ၁၅၀ ပိဿာအထိ ဝယ်ယူလေ့ရှိကြောင်း တောင်သူ ဦးစိန်ဝင်းက ပြောကြားသည်။

ရေချိုငါးငါးပိဈေးမြင့်တက်လာခြင်းမှာ ဧရာဝတီတိုင်းဒေသအသီးသီးရှိ မြစ်ချောင်းအင်းအိုင်များအတွင်း ငါးရှားပါးမှုများ ဖြစ်ပေါ်ခဲ့ပြီး ငါးငါးပိဈေးနှုန်း ယခင်ထက် ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ငါးဆားနယ် (ခ) ငါးပိကောင်နှင့် ငါးခြောက်များ ထုတ်လုပ်ရန် ငါးကြီးငါးကောင်းများကို သီးခြားထားကာ ကျန်ငါးများကို ငါးငါးပိအဖြစ် ထုတ်လုပ်ခြင်းဖြစ်ပြီး အင်းလုပ်ကိုင်သူနှင့် ကုန်သည်များက ရေချိုငါးငါးပိကို ပင်လယ်ငါးငါးပိများနှင့် ရောနှောလေ့ မရှိခြင်းကြောင့် ယင်းကဲ့သို့ ငါးရှားပါးခြင်းအပေါ် ဈေးနှုန်းမြင့်ရောင်းခြင်းဖြစ်ကြောင်း မအူပင်ခရိုင်ပန်းတနော်မြို့ခံ အင်းလုပ်ငန်း ရှင်ဦးစောအောင်က ပြောကြားသည်။

စားသုံးသူဈေးကွက်အတွင်း ရောင်းချနေသည့် ရေချိုငါးငါးပိအချို့တွင် ဈေးနှုန်းသက်သာသည့် ပင်လယ်ငါးငါးပိ ရောနှောကြိတ်ခွဲမှုများရှိရာ ဈေးအမျိုးမျိုးခွဲရောင်းလေ့ရှိကြောင်း၊ ရေချိုငါးငါးပိစစ်စစ်မှာ မွှေး၍ ဆိမ့်သည့်အရသာရှိပြီး ရေငန်ငါးငါးပိ ရောထားပါက လေးပင်သည့်အရသာနှင့် အနံ့ ပိုပြင်းမှုများဖြစ်ပေါ်လေ့ရှိကြောင်း နှစ်ပေါင်း ခြောက်ဆယ်ကျော် ငါးငါးပိထုတ်လုပ်ခဲ့သည့် ပန်းတနော်မြို့ခံ ဦးအောင်လှက ပြောကြားသည်။

R-13