News

POST TYPE

NEWS

လေးနှစ်ကျော် ရပ်နားခဲ့သည့် မိတ္ထီလာရေစက်ရုံ အမှတ် (၁) လည်ပတ်ရန်ပြင်ဆင်
27-Dec-2018


မိတ္ထီလာ၊ ဒီဇင်ဘာ ၂၆

လေးနှစ်ကျော်အကြာ ရပ်နားခဲ့သည့် မိတ္ထီလာမြို့အဝင် ဖောင်တော်ထိပ်ဘုရားအနီးရှိ ရေစက်ရုံအမှတ် (၁) ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားသည်။

“လာမယ့်နွေရာသီမှာ မြို့ခံလူထုတွေ ရေအခက်အခဲမရှိအောင် ကျွန်တော်တို့ အမြန်ဆုံးလုပ်ပေးမှာ ဖြစ်ပါတယ်။ ၁၀၀ံစ နဲ့ ၇၅ံစ စက်နှစ်လုံးနဲ့တင်ပေးမှာဖြစ်ပါတယ်။ လမ်းနဲ့လည်း လွတ်တဲ့အတွက် အခုလိုပြန်လုပ်တာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ 

အဆိုပါရေစက်ရုံအမှတ် (၁) သည် မိတ္ထီလာမြို့တွင် ပထမဆုံးတည်ဆောက်ခဲ့သော ရေစက်ရုံဖြစ်ပြီး မြို့အရှေ့ပိုင်း ရပ်ကွက်များကို မီးသတ်ရေစက်မှတစ်ဆင့် ဖြန့်ပေးခဲ့ရာတွင် မိတ္ထီလာမြို့လယ်ကို ဖြတ်သန်းသွားသည့် ရန်ကုန်-မန္တလေး လမ်းမကြီးကို ချဲ့လိုက်သည့်အတွက် လမ်းနယ်တွင်ပါဝင်နေသည့် ရေစက်ရုံ (၁) မှ ထွက်သော ရေပိုက်များကို တူးဖော်ဖယ်ရှားခဲ့ရသဖြင့် ၂၀၁၄ ဇွန်လ ၁၄ ရက်မှ စတင်ရပ်နားခဲ့ရခြင်းဖြစ်သည်။

အမှတ် (၁) ရေစက်ရုံသည် မိတ္ထီလာ တောင်ကန်အတွင်းရှိ ရေအသန့်ဆုံးနေရာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တစ်နာရီလျှင် ဂါလန်သုံးသောင်းအထိ တင်နိုင်ကြောင်း၊ စက်ရုံမှ ပို့လွှတ်မည့် သောက်သုံးရေများကို မီးသတ်ရေစင်သို့ တင်ပို့ရန် အချင်းရှစ်လက်မခန့်ရှိပြီး ပေ ၂၈၀ ရှည်သော PVC ရေပိုက်လိုင်းသစ်ကို စတင်သွယ်တန်းနေပြီဖြစ်ကြောင်း၊ ပိုက်လိုင်းပြီးစီးပါက ရတနာမာရ်အောင်၊ ဈေးအရှေ့ပြင်မြို့မ (၄) ရပ်ကွက်၊ သီရိ မင်္ဂလာရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်များသို့ လက်ရှိ လွတ်လပ်ရေးပန်းခြံမှပေးနေသော ဂါလန် ငါးသိန်းထက်ပို၍ ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါရပ်ကွက်များသို့ ရေပေးရာတွင် မီးသတ်ရေစင်ကို တစ်ဆင့်မခံတော့ဘဲ တိုက်ရိုက်ပေးမည့် အစီအစဉ်လည်းရှိကြောင်း ရေစက်တာဝန်ခံ ဦးမြင့်သိန်းက ပြောကြားသည်။

မိတ္ထီလာမြို့တွင် ရပ်ကွက် ၁၄ ခုရှိသည့်အနက် ရပ်ကွက် ၁၃ ခုသည် မြို့နယ်စည်ပင်သာယာရေးမှ ဖြန့်ဝေသော မိတ္ထီလာကန်ရေကို အသုံးပြုလျက်ရှိကြောင်း၊ မြို့အရှေ့ပိုင်းရပ်ကွက်များကို လွတ်လပ်ရေးပန်းခြံရှိ ရေသန့်စက်ရုံနှင့် မြို့ အနောက်ပိုင်းရှိ ရပ်ကွက်များကိုပေါက် ချောင်းရပ်ကွက် ရေသန့်စက်ရုံမှ ဖြန့်ဝေလျက်ရှိပြီး တစ်ရက်လျှင် စုစုပေါင်း ရေဂါလန် ၁၁ သန်းကို ပေးဝေလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

R-01