News

POST TYPE

NEWS

အင်းတော်တွင် ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
27-Dec-2018
ကလေး၊ ဒီဇင်ဘာ ၂၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၆) ကသာထံမှ သိရသည်။

အင်းတော်မြို့နယ် ရွှေဘို- မြစ်ကြီးနား လမ်းပေါ်ရှိ နန့်မကျိုင်းလမ်းဆုံတွင် အင်းတော်မြို့နယ်ဘက်မှ မြစ်ကြီးနားမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် တိုရိုတာဟိုင်းလပ် ကားနှစ်စီးကို ရပ်တန့်စစ်ဆေးရာမှ ကားနှစ်စီးပေါ်၌ ကာလတန်ဖိုးငွေကျပ် သိန်း ၉၂၄၀ တန်ဖိုးရှိ ဘိန်းဖြူမှုန့်၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၂၆၄၀ တန်ဖိုးရှိ ဘိန်းဆီခဲနှင့် ကာလတန်ဖိုး ငွေကျပ် သိန်း ၁၄၆၂ ဒသမ ၅ ကျပ်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်း ၁၃၃၄၂ ဒသမ ၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ယာဉ်ပေါ်တွင် လိုက်ပါလာသူများဖြစ်သည့် ချစ်ကို ၂၄ နှစ်၊ ကိုကျော်ဇေသူ ၃၅ နှစ်၊ ကိုမျိုးမြင့်အောင် ၁၈ နှစ်၊ ကိုရန်ကျော် ၂၁ နှစ်၊ ကိုယုနိုင်၂၄ နှစ်၊ မအားကျိန် ၁၆ နှစ်၊ ကိုခိုင်ဆော ၂၁ နှစ်တို့ကို အင်းတော် မြို့မရဲစခန်းတွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (ပ)၁၄၇ / ၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-20