POST TYPE

NEWS

နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ယွမ် တရားဝင် သုံးနိုင်ရန် ဆွေးနွေး
25-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

တရုတ်-မြန်မာ နယ်စယ်ကုန်သွယ်ရေးများတွင် တရုတ်ယွမ်ငွေ တရားဝင် သုံးစွဲနိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက်မှ စီးပွား/ကူးသန်းဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တာဝန်ရှိသူများအပြင် တရုတ် နယ်စပ်ကုန်သွယ်ဒေသများမှ လုပ်ငန်းရှင်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများအကြား ယွမ်ငွေသုံးစွဲရေးနှင့် နယ်စပ်ဒေသ နှစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြကြောင်း စီးပွား။ကူးသန်း ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ယွမ်ကိစ္စက အသေးစိတ်ကတော့ သေချာမပြောနိုင်သေးဘူး။ ဆွေးနွေးနေဆဲပါပဲ”ဟု ၎င်းကဆိုသည်။

လတ်တလောတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကုန်သည်များမှာ တရုတ်နိုင်ငံ ရွှေလီမြို့ရှိဘဏ်များတွင် ယွမ်အကောင့်သွားရောက်ဖွင့်လှစ်ကာ ကုန်သွယ်မှုလုပ်နေရသည့်အတွက် တရုတ်နိုင်ငံဘက်က မသင်္ကာမှုများရှိသည့်အခါ အကောင့်ပိတ်ခံရခြင်းနှင့် ဟွန်ဒီဖြင့် အရောင်းအဝယ်လုပ်နေရလျက်ရှိသည်။

ပြီးခဲ့သည့်နှစ်ထဲတွင် မြန်မာကုန်သည်များ၏ အကောင့်များကို တရုတ်ဘက်က စာရင်းပိတ်ခြင်းများ ရှိခဲ့မှုကြောင့် မြန်မာအစိုးရအနေနှင့် နှစ်နိုင်ငံကြား ငွေရေးကြေးရေးကဏ္ဍများတွင် တရားဝင်ဖြစ်စေရန်အတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ နယ်စပ်ဒေသများရှိ ပုဂ္ဂလိကဘဏ်များ၌ ယွမ်အကောင့် တရားဝင်ဖွင့်ခွင့်ပေးရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စီစဉ်လျက်ရှိသည်။

“ပုဂ္ဂလိကဘဏ်တွေမှာ ယွမ်အကောင့်ဖွင့်ခွင့်ပေးဖို့က လုပ်သင့်တာကြာပြီ။ အမှန်တကယ် ငွေစီးဆင်းမှုကို သိလာလိမ့်မယ်”ဟု မူဆယ်မြို့ခံ ကုန်သည်တစ်ဦးက ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် မှုများသည် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်သည့်အတွက် တရားဝင်ကုန်သွယ်မှုရရှိရန် အစိုးရချင်း ညှိနှိုင်းသင့်ပြီး လက်ရှိအချိန်တွင် ကျပ်ငွေအကောင့်များသာ သုံးစွဲနေရသောကြောင့် တရုတ်ကုန်သည်များမှာလည်း ငွေပေးချေမှုကိစ္စများတွင် အခက်အခဲရှိကြောင်း ၎င်းကရှင်းပြသည်။