News

POST TYPE

NEWS

တစ်သက်တာ ရည်မှန်းချက် စာရင်းမျိုး ချမှတ်ထားတာ မရှိဟု ဘန်နီဒစ်ခ်ျကမ်ဘာဘတ် ပြော
23-Oct-2016

ခေတ်သစ်ရှားလော့ဟုမ်းအဖြစ် မြန်မာပရိသတ်တွေအကြား လူသိများတဲ့ ဗြိတိသျှ ထိပ်တန်းသရုပ်ဆောင် ဘန်နီဒစ်ခ်ျကမ်ဘာဘတ်က သူ့မှာ မသေခင် လုပ်ဆောင်သွားဖို့ ချမှတ်ထားတဲ့ ရည်မှန်းချက် စာရင်းမျိုး မရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၄၀ အရွယ် ဗြိတိသျှ သရုပ်ဆောင် ဘန်နီဒစ်ခ်ျကမ်ဘာဘတ်ဟာ သရုပ်ဆောင်တစ်ယောက် အနေနဲ့ရော မိသားစုဘဝမှာပါ အောင်မြင်မှုတွေ ရရှိနေပြီး လက်ရှိဘဝကိုလည်း ကျေနပ်နေပေမယ့် မသေခင် မဖြစ်မနေ လုပ်ဆောင်သွားမယ့် အလုပ်တွေကို စာရင်းပြုစုထားတာမျိုးတော့ မရှိဘူးလို့ ပြောကြားလိုက်တာပါ။

၁၆ လသားအရွယ် သားတစ်ယောက်ရဲ့ဖခင်ဖြစ်ပြီး မကြာမီမှာ ဇနီးဖြစ်သူ ဆိုဖီနဲ့ ဒုတိယရင်သွေးလေးလည်း ရရှိတော့မယ့် ဘန်နီဒစ်ခ်ျဟာ သရုပ်ဆောင်တစ်ယောက် အနေနဲ့လည်း ဆုတံဆိပ်တွေများစွာ ရရှိထားပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ ဘဝကို ဖြတ်သန်းရာမှာ ရည်မှန်းချက်ကြီး တခွဲသားနဲ့ မျှော်မှန်းလုပ်ဆောင်တာမျိုး မရှိဘဲ ကိုယ်ကျင်လည်ရာ ကိုယ့်ပတ်ဝန်းကျင်မှာသာ ပျော်ရွှင်နေတယ်လို့ ဘန်နီဒစ်ခ်ျက ဆိုပါတယ်။

ဒါ့အပြင် ဘန်နီဒစ်ခ်ျက သူဟာ ရှားလော့ဟုမ်းဇာတ်ကောင်လို ဥာဏ်ပညာ ကြီးမားတဲ့ ဇာတ်ကောင်မျိုးနဲ့ သိပ္ပံပညာရှင် စူပါဟီးရိုးဇာတ်ကောင် Doctor Strange တို့လို ဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ထားပေမယ့်အပြင် လက်တွေ့လောကမှာတော့ သူ့ဦးနှောက်က သေးလွန်းလို့ သိပ္ပံပညာအကြောင်း ဘာမှမသိသလောက်ပါပဲလို့လည်း ပြောကြားခဲ့ပါသေးတယ်။

Ref: contactmusic.com