News

POST TYPE

NEWS

မုန်တိုင်းငယ်ကို အနီရောင်အဆင့် သတ်မှတ်၊ နောက် ၁၂ နာရီအတွင်း မြစ်ဝကျွန်းပေါ် ဒေသအနီး ရောက်မည်
23-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၂၃

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ မြန်မာ့ ကမ်းရိုးတန်းနှင့် နီးကပ်နေသည့်အတွက် အနီရောင်အဆင့် သတ်မှတ်ထားပြီး နောက် ၁၂ နာရီအတွင်း မြစ်ဝကျွန်းပေါ် ဒေသအနီး ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

လက်ရှိ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၃ ရက်နေ့ တိုင်းထွာချက်များအရ ကိုကိုးကျွန်း၏ မြောက်- အနောက်မြောက်ဘက် ၈၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ၈၅ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ဂွမြို့၏ တောင်- အနောက်တောင်ဘက် ၁၅၅ မိုင်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ၂၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဦးတည်နေပြီး နောက် ၁၂ နာရီအတွင်း မြစ်ဝကျွန်းပေါ် ဒေသအနီးကို ရောက်ရှိ၍ ပြန်ကွေ့ကာ မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု အဆိုပါဌာနက ခန့်မှန်းထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် အားကောင်းလာပြီး မြန်မာ့ကမ်းရိုးတန်း (မြစ်ကျွန်းပေါ်ဒေသ) အနီးသို့ ရောက်ရှိစဉ် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀အထိ တိုက်ခတ်နိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည့်အပြင် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့တွင် ခုနစ်ပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း ယင်းဌာနက သတိပေးထားသည်။


  • VIA