News

POST TYPE

NEWS

ချင်းတွင်းမြစ်အတွင်း ရေယာဉ်အစင်းရေ ၄၀ နီးပါး သောင်တင်ပြီး ပိတ်မိ
20-Dec-2018

ရှားတောရွာအနီး မြစ်ရေကျပြီး ကုန်တင်ရေယာဉ်များ ပိတ်မိနေသည်ကိုတွေ့ရစဉ်။
ကလေး၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား ချင်းတွင်းမြစ်ရေ ကျဆင်းပြီး သောင်ထွန်းမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကုန်တင်ရေယာဉ်အစင်းရေ ၄၀ နီးပါးခန့် ပိတ်မိနေကြောင်း ကုန်တင်ရေယာဉ်မောင်းများထံမှ သိရှိရသည်။

မင်းကင်းမြို့နှင့် ကလေးဝမြို့နယ်အကြား ကလေးဝမြို့နယ် ရှားတောကျေးရွာ ယုန်ထောင်ကျေးရွာ အင်းကုန်းကြီးကျေးရွာအနီး၌ ချင်းတွင်းမြစ်ရေသည် ၂ ပေခွဲခန့်သာ ရှိသဖြင့် မုံရွာမြို့မှ ခန္တီးမြို့အထိ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲနေသည့် ကုန်တင်မော်တော်များ ပိတ်မိနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းနေရာတွင် လွန်ခဲ့သည့် ၅ ရက်ခန့်မှစတင်၍ ပိတ်မိနေခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၀ ရက်အရောက်တွင် ရေအနက် သုံးပေခွဲရှိပါက သွားလာလို့ရသည့် ကုန်တင်မော်တော်ယာဉ်အစင်းပေါင်း ၄၀ နီးပါး ပိတ်မိနေခြင်းဖြစ်ကြောင်း ကုန်တင်မော်တော်ယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးဝင်းခိုင်က ရှင်းပြပြောဆိုသည်။

“စားစရိတ် ပိုထောင်းတယ်။ ကုန်ကဲ့ခ ကုန်တယ်။ ရုန်းရကန်ရတာဆိုတော့ ဆီဖိုးကုန်တယ်။ မော်တော်တွေ အပျက်အစီး များတယ်”ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာလ ၄ ရက်ကလည်း မော်လိုက်မြို့နှင့် ဖောင်းပြင်မြို့အကြား ပန်းသာရွာအောက်ဘက် (ရိုးလွှာရေလမ်းကြောင်း) ချင်းတွင်းမြစ်အတွင်း ကုန်တင်အစင်းရေ ၂၀ ကျော် ပိတ်မိနေပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ဆက်လက်ပိတ်မိနေသည်။

ယင်းအပြင် ကနီမြို့နယ် ညောင်ဝန်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းနှင့် မုံရွာမြို့နယ်၊ ကျောက်မျက်ရွာအနီး ချင်းတွင်းမြစ်ကြောင်း၌လည်း မြစ်ရေ ကျဆင်းပြီဖြစ်သည့်အတွက် ကုန်တင်ရေယာဉ်များ သွားလာရေးအတွက် အခက်အခဲ များစွာကြုံတွေ့နေရကြောင်း ကုန်တင်ရေယာဉ်မောင်းများက ပြောကြားသည်။

“ရိုးလွှာရေလမ်းကိုတော့ ဒေသကရနိုင်တဲ့ သဲစုပ်စက်တွေနဲ့ အရေးပေါ် ရေလမ်းကြောင်း ဖောက်ပေးတာမျိုး လုပ်နိုင်သလောက် အရေးပေါ် လုပ်ပေးနေတယ်။ ရှားတောအတွက်ကတော့ ရန်ပုံငွေလျာထားမရှိဘူး။ ဒါပေမဲ့ တအားကြီးကို အခက်အခဲ ဖြစ်လာပြီဆိုရင်တော့ မြို့နယ်ရုံးနဲ့ ပေါင်းစပ်ပြီး ဖြေရှင်းပေးသွားပါ့မယ်”ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး စစ်ကိုင်းတိုင်း၊ ဒုတိုင်းဦးစီးမှူး ဦးကျော်စိုးက ပြောဆိုသည်။

ချင်းတွင်းမြစ်ရေကို နိုဝင်ဘာလမှစတင်၍ မေလအထိ ရေအနက်ပေအဖြစ် ၂ ပေခွဲ သတ်မှတ်ထားသဖြင့် ကုန်တင်မော်တော်ရေယာဉ်များအနေဖြင့်လည်း ကုန်စည်တင်ရာ၌ ရေအနက်ပေ ၂ ပေခွဲတွင် သွားလာနိုင်စေရန် တင်ဆောင်သွားလာကြစေလိုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

R-20