News

POST TYPE

NEWS

နယ်မြေလုံခြုံရေးကြောင့် ထူးကုမ္ပဏီက ကချင်ပြည်နယ်ရှိ သံသတ္တုရိုင်းတူးဖော်မှု ရပ်ဆိုင်း
18-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၈

နယ်မြေလုံခြုံရေး အကန့်အသတ်ကြောင့် ထူးအပြည်ပြည်ဆိုင်ရာ လုပ်ငန်းစုကုမ္ပဏီက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ဒေသရှိ သံသတ္တုရိုင်းတူးဖော်မှုကို ယာယီ ရပ်ဆိုင်းထားကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ထူးကုမ္ပဏီအနေနှင့် သံသတ္တုရိုင်း တူးဖော်ထုတ်လုပ်ခွင့်ကို ၂၀၀၉ ခုနှစ်ကရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ထူးက အဲဒီဒေသမှာ နယ်မြေ မလုံခြုံလို့ ခဏရပ်ထားမယ်။ ပြန်ပြီးတည်ငြိမ်ရင် ပြန်လုပ်ပါ့မယ်ဆိုပြီး ဌာနကို တင်ပြထားတယ်”ဟု ၎င်းက ရှင်းပြပြောဆို သည်။

ကချင်ပြည်နယ်ရှိ နယ်မြေမတည်ငြိမ်သည့်ဒေသများတွင် လုပ်ကိုင်သော သတ္တုလုပ်ငန်းများမှာ တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် ခေတ္တရပ်နားလေ့ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဓာတ်သတ္တုအကြီးစားထုတ်လုပ်ခွင့်ကို ကုမ္ပဏီ ၄ ခုကရရှိထားပြီး ကန်တော်ဒေသတွင် တစ်ခု၊ နောင်ချိန်ဒေသတွင် ကုမ္ပဏီသုံးခုဖြစ်သည်။

လတ်တလောတွင် နယ်မြေကိစ္စကြောင့် ရပ်နားထားဆဲဖြစ်ကြောင်း ထူးကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်က အတည်ပြု ပြောကြားသည်။

“အကျဉ်းချုပ်ပြောရရင် ထူးကုမ္ပဏီက တိုက်ရိုက်တူးတာတော့ မဟုတ်ဘူး။ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ကူညီပေးတာ။ စက်ကိရိယာတွေ ထောက်ပံ့ပေးတဲ့သဘောပါ။ ခွင့်ပြုမိန့်ကတော့ ထူး နာမည်နဲ့ တင်ထားတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

ကချင်ပြည်နယ်၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဝိုင်းမော်ဒေသ သည် စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ထားသည့်နေရာဖြစ်သည်။

J-13