News

POST TYPE

NEWS

ဥတိုအပန်းဖြေစခန်းရှိ သီးစားလယ်များ လုပ်ခွင့်မပေး၍ တောင်သူ ၂၀၀ ကျော် အခက်ကြုံ
17-Dec-2018
တိုက်ကြီး၊ ဒီဇင်ဘာ ၁၆

တိုက်ကြီးမြို့နယ် ဥတိုကျေးရွာအုပ်စုရှိ ဥတိုစိုက်ပျိုး မွေးမြူရေးနှင့်အပန်းဖြေစခန်းမှ သီးစားချငှားရမ်းထားသည့်လယ်မြေများ လုပ်ခွင့်မပေးတော့သည့်အတွက် စိုက်ပျိုးတောင်သူ ၂၀၀ ကျော် အခက်ကြုံနေရကြောင်း အဆိုပါ တောင်သူများထံမှ သိရသည်။

“လယ်ယာမဲ့ တောင်သူတွေထဲက ၂၀၀၃ ခုနှစ်ကစပြီး အမှန်တကယ် စပါးစိုက်မယ့်တောင်သူတွေကို ကိုင်းတော မြေတွေကိုရှင်းလင်းပြီး တောင်သူ ၂၀၀ ကို စိုက်ဧက နှစ်ထောင်ကျော် စိုက်ပျိုးခွင့်ပေးထားတာ။ ခုလယ်တွေ ဖြစ်လာတော့ ကုမ္ပဏီတစ်ခုကို ငှားမယ်ပြောတယ်။ ကျွန်တော်ဘာလုပ်ရမှာလဲ။ သီးစားခ တစ်ဧကကို ၆ တင်းကျော်ပေးရပြီးမှ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်နေနေ ကျွန်တော်တို့ စိုက်ပျိုးလယ်မြေတွေကို မပေးနိုင်ဘူး”ဟု တောင်သူ ဦးခင်လှိုင်က ဆိုသည်။

အဆိုပါ ဥတိုစိုက်ပျိုးမွေးမြူရေးနှင့် အပန်းဖြေစခန်းက ၂၀၁၅ ခုနှစ်မှစ၍ စပါးစိုက်တောင်သူများက သီးစားခ မပေးရန်နှင့် စပါးဆက်လက်စိုက်ပျိုးပါက လယ်ယာမြေ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း တောင်သူများထံ တားမြစ်စာပေးထားသော်လည်း တောင်သူများ ဆက်လက် လုပ်ကိုင်နေသည်ဟုဆိုကာ အဆိုပါစခန်းမှ ဝန်ထမ်းတစ်ဦးက တရားစွဲထားသဖြင့် တောင်သူ ၁၃ ဦးမှာ တိုက်ကြီးတရားရုံးတွင် တရားမမှုဖြင့် ရင်ဆိုင်နေရကြောင်း တရားစွဲဆိုခံထားရသူ တောင်သူ ဦးကျင်ကပြောသည်။

အဆိုပါစခန်းရှိ မြေများတွင် အမှန်တကယ် စပါးစိုက်တောင်သူများကို လယ်ယာမြေဥပဒေဖြင့် တရားစွဲဆိုထားမှုအပေါ်  နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးသို့ အသနားခံစာ တင်ပြထားသော်လည်း ထူးခြားမှုမရှိကြောင်း တောင်သူများက ပြောကြားသည်။

တောင်သူ ၂၀၀ကျော်အခက်အခဲကြုံခြင်း၊ တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ ဥတိုစိုက်ပျိုးမွေးမြူရေးနှင့် အပန်းဖြေစခန်းမှတာဝန်ရှိသူအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်းမရှိပေ။

R-19