News

POST TYPE

NEWS

ရပ်ရွာအရေး မဆောင်ရွက်နိုင်သော အုပ်ချုပ်ရေးမှူးများကို ပြောင်းလဲခန့်အပ်ရန် ဝန်ကြီးပြော
17-Dec-2018

တနိုင်း၊ ဒီဇင်ဘာ ၁၇

ကျေးရွာ၊ ရပ်ကွက်အတွင်း ဒေသအရေးကိစ္စများ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ပြောင်းလဲ၍ ပြည်သူလူထုအတွက် တာဝန်ယူဆောင်ရွက်ပေးမည့်သူများကို ခန့်အပ်ရန်လိုအပ်ကြောင်း ကချင်ပြည်နယ် လီဆူတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးအားတီယောဟန်က ပြောကြားသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့သို့ရောက်ရှိနေသည့် ကချင်ပြည်နယ် လီဆူတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတို့၏ သုံးရက်ကြာ ခရီးစဉ်အတွင်း ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး ဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ့်ရပ်ကွက်အတွင်းမှာတောင် ဘာဖြစ်မှန်းမသိတဲ့ အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ Cancel လုပ်ပြီးမှ အသစ်ပြန်လည်ခန့်အပ်ဖို့လိုတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ ဒီလူဟာ လီဆူဖြစ်သလား။ ဗမာဖြစ်သလားဆိုတာကို သိကိုသိရမယ်။ မသိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်စရာမလိုဘူး”ဟု ဝန်ကြီးက ပြောဆိုသည်။

ယင်းကဲ့သို့ ပြည်သူလူထုအတွက် ထိရောက်စွာ မဆောင်ရွက်ပေးနိုင်သော အုပ်ချုပ်ရေးမှူးများကိုလည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးရမည်ဖြစ်ကြောင်း ဝန်ကြီးဦးအားတီယောဟန်က ဆက်လက်ပြောကြားသည်။

လူထုတွေ့ဆုံပွဲအတွင်း တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခုလက်ရှိတွင်လည်း တိုင်းရင်းသားရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားများအကြား ကွင်းဆင်းဆောင်ရွက်ပေးနေသည်ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လီဆူတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးနှင့် ဗမာတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးတို့နှစ်ဦး၏ ယခုတနိုင်းဒေသခရီးစဉ်သည် လက်ရှိအစိုးရသက်တမ်း၌ တတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်သည်။

R-06