News

POST TYPE

NEWS

မုံရွာတွင် ကားကြီးကွင်းပါသည့် ပွဲရုံတည်ဆောက်ရန် မြေနေရာရရှိရေး တောင်းဆို
17-Dec-2018

မုံရွာ၊ ဒီဇင်ဘာ ၁၆

နိုင်ငံခြားပို့ကုန် ပဲအမျိုးမျိုး အဓိက ထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကားကြီးကွင်းပါရှိသည့် ပဲပွဲရုံတည်ဆောက်ရန် မြေနေရာရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြတောင်းဆိုခဲ့ကြောင်း စစ်ကိုင်းတိုင်း ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ကုန်သည်လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့က မုံရွာကုန်စည်ဒိုင်၌ ပြုလုပ်ခဲ့သည်။

မုံရွာမြို့သည် ပဲအမျိုးမျိုးအဓိက ထွက်ရှိသည့်ဒေသဖြစ်သဖြင့် ၂၂ ဘီး ယာဉ်များအသုံးပြုကာ ရန်ကုန်တင်ပို့ရာတွင် မြို့တွင်းယာဉ်ကြောကျပ်တည်းခြင်း၊ ပဲပွဲရုံများပျံ့နှံ့တည်ရှိသဖြင့် မြို့နှင့် မနီးမဝေး၌ ပွဲရုံပါဝင်သည့် ကားကွင်းရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“အဓိကမြေနေရာ လိုအပ်နေတော့ ကျွန်တော်တို့တွေ မြေနေရာရဖို့ စီစဉ်နေတာ။ အဆင်မပြေသေးဘူး။ အစိုးရဘက်က လုပ်ဆောင်ပေးဖို့ တောင်းဆိုတာပါ”ဟု အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်မိုးက ပြောဆိုသည်။

အဆိုပါပွဲအတွင်း နယ်စပ်ကုန်သွယ်မှုဖွံ့ဖြိုးရေး၊ အစိုးရအချင်းချင်း လက်မှတ်ရေးထိုးကုန်သွယ်မှု၊ စက်မှုလယ်ယာဖွံ့ဖြိုးရေး၊ ကြာဆံဈေးကွက်ရရှိရေး၊ စားသုံးသူ အရည်အသွေး ပြည့်ဝမှန်ကန်မှုရရှိစေရေး၊ SME ချေးငွေ၊ သနပ်ခါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွှေဘိုပေါ်ဆန်းဈေးကွက် ကျယ်ပြန့်စေရေးစသည်တို့ကို လုပ်ငန်းရှင်များက တင်ပြဆွေးနွေးခဲ့ကြသည်။

R-08