News

POST TYPE

NEWS

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဟင်ဒီဘာသာစကားသင်တန်းဖွင့်မည်
17-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

အိမ်နီးချင်းအိန္ဒိယနိုင်ငံ၏ နိုင်ငံတော်သုံးဘာသာစကားဖြစ်သည့် ဟင်ဒီဘာသာစကားကို ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် အချိန်ပိုင်းသင်တန်းများအဖြစ် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်ထံမှ သိရသည်။

သင်တန်းဖွင့်လှစ်ရန် အစိုးရထံမှ ခွင့်ပြုချက်မယူရသေးသော်လည်း ပညာရေးဝန်ကြီးနှင့် သဘောတူထားပြီးဖြစ်ကာ ဒီဇင်ဘာလ ၁၄ ရက်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်နှင့် တွေ့ဆုံဆွေးနွေးပြီးဖြစ်ကြောင်း ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောကြားသည်။

“အိန္ဒိယနိုင်ငံရဲ့ အဓိကအကျဆုံး ဘာသာစကားတစ်ခုပေါ့။ မြန်မာနိုင်ငံမှာလည်း ဟင်ဒီဘာသာစကားပြောတဲ့သူ အများကြီးရှိတယ်။ ဒါပေမဲ့ ဟင်ဒီဘာသာ စကားသင်တန်းဆိုတာ တော်တော်လေး နည်းတယ်။ အဓိကတော့ စာပေဖွံ့ဖြိုးစေချင်တာ။ ဟိုးခေတ်က အိန္ဒိယအရှေ့တိုင်းက စာပေတွေ ဒီဘက်ကို ပျံ့နှံ့လာစေချင်တယ်”ဟု ဒေါက်တာကြည်ရွှင်က ဆိုသည်။

ဟင်ဒီဘာသာစကားကို ၂၀၁၉ ခုနှစ် မေလမှစတင်၍ တနင်္လာမှ သောကြာ ကျောင်းဖွင့်ရက် ညနေပိုင်းများနှင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် နံနက်ပိုင်းများတွင် ဖွင့်မည်ဖြစ်သည်။ အတန်းတစ်တန်းလျှင် သင်တန်းသားဦးရေ ၄၀ နှုန်းလက်ခံကာ လျှောက်လွှာများကို ၂၀၁၉ ခုနှစ် ဧပြီလတွင် စတင်ခေါ်ယူမည်ဖြစ်သည်။

အဆိုပါ အချိန်ပိုင်းသင်တန်းများကို အိန္ဒိယသံရုံးက စေလွှတ်သည့် ဆရာများက သင်ကြားမည်ဖြစ်သည်။ တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူဦးရေပေါ် မူတည်ကာ ၂ နှစ်ဒီပလိုမာ အချိန်ပြည့် သင်တန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါက်တာကြည်ရွှင်က ပြောကြားသည်။

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် အနေနှင့် လက်ရှိတွင် တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား နှင့် ထိုင်းဘာသာစကား ၈ မျိုးကိုဖွင့်လှစ် သင်ကြားနေခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် အီတာလျံနှင့် စပိန်ဘာသာစကားဌာန နှစ်ခုအသစ်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း အဆိုပါတက္ကသိုလ်ထံမှ သိရသည်။

J-19