News

POST TYPE

NEWS

ကော့သောင်းနယ်စပ်မှ ထိုင်းသို့ ပြန်ဝင်သည့်လမ်းများကို ပိတ်ဆို့စစ်ဆေး
17-Dec-2018
ကော့သောင်း၊ ဒီဇင်ဘာ ၁၆

မြန်မာ-ထိုင်းနယ်စပ်မြို့တစ်မြို့ ဖြစ်သည့် မြန်မာပြည်တောင်ပိုင်း ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်နေသည့်နယ်စပ်ထွက်ပေါက်များရှိရာ လမ်းကြောင်းတစ်လျှောက်ကို ပိတ်ဆို့ရှာဖွေစစ်ဆေးမူများ ပြုလုပ်လျက်ရှိကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများ နယ်စပ်ထွက်ပေါက်များရှိရာ ခမောက်ကြီးမြို့နယ်အပိုင် ဒေသအခေါ် ရှမ်းကိုးရွာများဘက် သွားသည့်လမ်းကြောင်းများ၏ အဝင်လမ်းများကို အဓိကထားကာ စောင့်ကြည့်ပြီး ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူးမျိုးထွန်းဦးက ဆိုသည်။

ထိုင်းဘက်သို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်သည့်အတွက် ထိုင်းဘက်တွင် မြန်မာအလုပ်သမားများ မကြာခဏ အဖမ်းခံရပြီး ဖမ်းမိသည့် မြန်မာ အလုပ်သမားများသည် နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းသို့ ပြန်ဝင်နေသည့်အတွက် ယင်းသို့ ပိတ်ဆို့စစ်ဆေးခြင်းဖြစ်ကြောင်း ရဲမှူး မျိုးထွန်းဦးက ရှင်းပြသည်။

“ဒီဇင်ဘာလကတည်းကစပြီး မနက်ပိုင်းတွေမှာ ဖြန့်ကြက်ပိတ်ဆို့ရှာဖွေမူတွေ လုပ်နေတာပါ။ ဆက်ပြီးလည်း လုပ်နေဦးမှာပါ”ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာလ ၁၄ ရက် မနက်ကလည်း ထိုင်းသို့သွားမည့် မြန်မာအလုပ်သမား ၁၆ ဦးကို လုံးဖောကျေးရွာ အဝင်လမ်းတွင် စစ်ဆေးတွေ့ရှိခဲ့ပြီး နေရပ်ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

ထိုင်းက နေရပ်ပြန်ပို့သည့် မြန်မာ အလုပ်သမားများကို မြဝတီနယ်စပ်ဂိတ်က လက်မခံတော့သည့် နောက်ပိုင်းတွင် ဖမ်းဆီးခံ မြန်မာအလုပ်သမားများကို ကော့သောင်းနယ်စပ်ကနေ နေရပ်ပြန်ပို့မှု ဒီဇင်ဘာလအတွင်း ခပ်စိပ်စိပ်ဖြစ်လာကြောင်း ကော့သောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဒီဇင်ဘာလအတွင်း နေရပ်ပြန်ပို့ မြန်မာအလုပ်သမားများကို လက်ခံနေသည်မှာ ၃ ကြိမ်ရှိနေပြီး လူဦးရေ ၃၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနထံမှ သိရသည်။

Dawei Watch