News

POST TYPE

NEWS

“တောင်ဇလပ်ပန်း မချိုးရ”
13-Dec-2018



ကလေး၊ ဒီဇင်ဘာ ၁၃

ချင်းပြည်နယ်သင်္ကတေ တောင်ဇလပ်ပန်းနှင့်အပင်များ မချိုး၊ မခူးရန် လှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၂ ရက်က တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင်တန်းပေါ်တွင်ပြုလုပ်ခဲ့ကြောင်း ကနေဒီစိမ်းလန်းစိုပြေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်အောင်က ပြောသည်။

ကနေဒီတောင်တန်းပေါ်ရှိ တောင်ဇလပ်ပင်များတွင့် ချင်းဘာသာနှင့် မြန်မာဘာသာစသည့် ဘာသာနှစ်ခုဖြင့် ရေးသားထားသည့် “ပြည်နယ်၏ သဘာဝကို ထိန်းသိမ်းကြပါစို့” စာသားများပါသည့် ဗီနိုင်းအချပ်သေး ၅၀ ကို ကပ်ထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ချင်း၊ မြန်မာ နှစ်ဘာသာဖြင့် ရေးထားသည့် “ပြည်နယ်၏ သဘာဝအလှကို မဖျက်ဆီးပါနဲ့”ဆိုသည့် စာသားများပါသည့် ဗီနိုင်းအချပ်ကြီး ၅ ချပ်ကို ကလေး-တီးတိန် ကားလမ်းဘေးရှိ ကနေဒီတောင်တန်းတစ်ဝိုက်ရှိ ကျေးရွာများ၌ ကပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တောင်ဇလပ်ဆိုတာက ကနေဒီတောင်ကြောပေါ်မှာပဲ အများဆုံးတွေ့ရတာဆိုတော့ ဒါလေးတွေ မပျက်စီးအောင် ဒီအပင်တွေကို မထိန်းသိမ်းဘူးဆိုရင် တောင်ဇလပ်တွေ ပြုန်းတီးတော့မယ်”ဟု ဦးလှိုင်အောင်က ဆိုသည်။

တောင်ဇလပ်ပင်များသည် ချင်းပြည်နယ်တောင်ပိုင်းတွင် ခေါနူးစုမ် (ခေါ်) နတ်မတောင်နှင့် ချင်းပြည်နယ်မြောက်ပိုင်းတွင် ကနေဒီတောင်တန်းပေါ်တွင် အများဆုံးတွေ့ရပြီး နှစ်စဉ်ဒီဇင်ဘာလမှ စတင်၍ ဖေဖော်ဝါရီလအထိ ပွင့်လေ့ရှိသည်။

တောင်ဇလပ်ပန်းများကို ခရစ္စမတ်ကာလ ပွဲတော်အတွက်သုံးရန် တောင်ဇလပ်ကိုင်းများကို ခုတ်ယူခြင်း၊ ထင်းအဖြစ် တောင်ဇလပ်ပင်များကို ခုတ်ယူခြင်းများရှိနေခြင်းကြောင့် ချင်းပြည်နယ်၏ အထိမ်းအမှတ်လက္ခဏာတောင်ဇလပ်ပင်များကို ထိန်းသိမ်းရေးလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်သည်။

တောင်ဇလပ်ပင်များ ထိန်းသိမ်းရေးလှုပ်ရှားမှုအနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်ကလည်း မင်းတပ်မြို့နေ၊ လူငယ်များ ဦးဆောင်ကာ ခေါနူးစုမ်အမျိုးသားဥယျာဉ်အတွင်း “တောင်ဇလပ်ပန်းများကို လုံးဝမခူးရ”ဆိုသည့် စာသားပါသည့် ဗီနိုင်းအချပ် ၁၅၀ ကို ချိတ်ဆွဲခဲ့သည်။


R-20

Photo – Green Kennedy Group