News

POST TYPE

NEWS

မော်လမြိုင်ဆေးရုံတွင် ခွေးရူးပြန်ကာကွယ်ဆေးပြတ်လပ်၊ လူမှုအဖွဲ့အစည်းက လှူသည့်ဆေးဖြင့် ထိုးပေးနေရ
13-Dec-2018

မော်လမြိုင်၊ ဒီဇင်ဘာ ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေး ပြတ်လပ်လျက်ရှိပြီး လက်ရှိတွင် လူမှုအဖွဲ့အစည်းက လှူဒါန်းပေးနေသည့်ဆေးဖြင့် အခမဲ့ ထိုးပေးလျက်ရှိကြောင်း မော်လမြိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်ဆေးရုံကြီး အပါအဝင် မြို့နယ်၊ တိုက်နယ်ဆေးရုံများတွင် အခမဲ့ထိုးပေးနေသည့် ခွေးရူးပြန်ကာကွယ်ဆေးများ နိုဝင်ဘာလကုန်ခန့်မှ ပြတ်လပ်သွားခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဂရုဏာစမ်းရေ လူမှုအဖွဲ့အစည်းမှ လှူဒါန်းပေးသည့်ဆေးဖြင့် အရေးပေါ်ထိုးပေးလျက်ရှိကြောင်း မော်လမြိုင်ဆေးရုံအုပ် ဒေါက်တာကျော်မြင့်က ပြောသည်။

“ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထောက်ပံ့ပေးတဲ့ဆေးတွေက ကုန်သွားတော့ မြို့နယ်တွေနဲ့ တိုက်နယ်ဆေးရုံတွေမှာ ဆေးတွေက ကုန်သွားပြီ၊ မော်လမြိုင်ဆေးရုံကြီးမှာက ဂရုဏာစမ်းရေက လာလှူတဲ့ဆေးနဲ့ ထိုးပေးနေတယ်”ဟု ဒေါက်တာကျော်မြင့်က ပြောသည်။

ဂရုဏာစမ်းရေအဖွဲ့က ဒီဇင်ဘာလ ပထမအပတ်တွင် ခွေးရူးဆေး အလုံး ၁၀၀ လာရောက်လှူဒါန်းထားပြီး လိုအပ်ပါက ထပ်မံလှူဒါန်းမည်ဟု ပြောဆိုထားကြောင်း ဒေါက်တာကျော်မြင့်ကဆိုသည်။

ခွေးကိုက်ခံရမှုကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေး လာရောက်ထိုးနှံသူ တစ်နေ့လျှင် အယောက် ၄၀ မှ ၅၀ အထိရှိသည်ဟု ၎င်းကပြောသည်။

ဆေးရုံကြီးများတွင် ခွေးရူးပြန် ကာကွယ်ဆေး ပြတ်လပ်နေသော်လည်း အပြင်ဆေးရုံ ဆေးခန်းများတွင် ခွေးရူးပြန်ကာကွယ်ဆေးကို တစ်လုံး ကျပ် ၁၀၀၀၀ ကျော် ပေါက်ဈေးဖြင့် ထိုးနိုင်ကြောင်း ဒေါက်တာကျော်မြင့်ကဆိုသည်။

“ခွေးရုးကိုက်ခံရတုန်းက ပထမဆေးတစ်လုံးကို ဆေးရုံက အခမဲ့ ထိုးပေးတယ်၊ နောက်တစ်ကြိမ် သွားထိုးတော့ ဆေးရုံမှာ ဆေးကုန်သွားတော့ အပြင်မှာဝယ်ပြီး သွားထိုးရတယ်၊ ဆေးက တစ်လုံး တစ်သောင်းခွဲပေးရတယ်။ သုံးကြိမ်ထိုးရတယ်”ဟု ပေါင်မြို့မှ ခွေးရူးကိုက်ခံရဖူးသူ ဒေါ်သန်းက ပြောသည်။

ပြည်နယ်အတွင်း များပြားလာသည့် ခွေးလေခွေးလွင့်များကို စည်ပင်သာယာရေးအဖွဲ့မှ အဆိပ်ကျွေးနည်းဖြင့် နှိမ်နင်းလျက်ရှိသော်လည်း နှိမ်နင်းရန်အတွက် ခွေးနှိင်နင်းသည့်ဆေး (အဆိပ်)လည်း အခက်အခဲရှိနေကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ခွေးလေခွေးလွင့်များပြားလာသည့်အတွက် ခွေးအကိုက်ခံရမှု၊ ခွေးရူးကိုက်ခံရမှုလည်းများလာပြီး စက်တင်ဘာလအတွင်း၌ပင် မော်လမြိုင်တွင် ဘုန်းကြီးတစ်ပါး ခွေးရူးရောဂါဖြင့် ပျံလွန်ခဲ့ဖူးသည့်အပြင် ပေါင်မြို့နယ်တွင်လည်း ကလေးတစ်ဦးအပါအဝင် လူ ၁၅ ဦး တစ်ပြိုင်နက်တည်း ခွေးရူးကိုက်ခံရသည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ဖူးသည်။

Dawei Watch