News

POST TYPE

NEWS

ရန်ကုန်တိုင်းအစိုးရ ယူရိုသန်း ၇၀ ချေးမည့်ကိစ္စ လွှတ်တော်ပယ်ချ
13-Dec-2018

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်မြို့ဖွံ့ဖြိုးရေး ပြင်သစ်နိုင်ငံ AFD ထံမှ ယူရိုသန်း ၇၀ ချေးရန်ကိစ္စ ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၆ ရာခိုင်နှုန်းခန့် (၅ ဒသမ ၉၃ ရာခိုင်နှုန်း) သာရှိ၍ ချေးယူမည့်ကိစ္စကို ယင်းလွှတ်တော်က ပယ်ချလိုက်သည်။

ယင်းကိစ္စသည် ဝေဖန်မှုများနေပြီး ပြည်ထောင်စုလွှတ်တော် ပူးပေါင်းငွေစာရင်းကော်မတီကလည်း ဆိုင်းငံ့ရန်တင်ပြထားသည်။ ယနေ့မဲခွဲဆုံးဖြတ်ရာ တက်ရောက် လွှတ်တော်အမတ် ၅၇၃ ဦးရှိပြီး ထောက်ခံမဲ ၃၄ မဲ၊ ကန့်ကွက်မဲ ၄၉၇ မဲ၊ ကြားနေမဲ ၆ မဲဖြင့် ရှုံးနိမ့်ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းသည် ရန်ကုန်တိုင်းအတွင်း သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လျှောက်ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာစီမံကိန်းဖြစ်ပြီး ထိုစီမံကိန်းအတွက် ယူရိုသန်း ၇၀ ချေးယူရန်ဖြစ်သည်။

ချေးယူငွေဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုအား ချေးငွေထုတ်ချေးမည့် ပြင်သစ်နိုင်ငံ AFD အဖွဲ့အစည်း၏ စိတ်ဝင်စားမည့်နယ်ပယ်နှင့် မိမိနိုင်ငံဘက်မှ လိုလားချက်များ အကြိမ်ကြိမ်ညှိနှိုင်းရယူခဲ့ရပြီး စီမံကိန်းတွင်ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းဧရိယာများနှင့် ဆက်စပ်သည့်ဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းခဲ့ရခြင်းများကြောင့် နှစ်နှစ်နီးပါး အချိန်ယ်ူခဲ့ရကြောင်း ရန်ကုန်တိုင်းအစိုးရကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်က လွှတ်တော်သို့ ရှင်းခဲ့သည်။

စီမံကိန်းနှင့်စပ်လျှဉ်း၍ ထွက်ပေါ်လာမည့် စီးပွားရေးတွက်ချေကိုက်မှုစိစစ်သုံးသပ်ချက်များကိုလည်း ရန်ကုန်တိုင်းအနေဖြင့် ထပ်မံတွက်ချက်တင်ပြပေးသွားမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ရန် လျာထားသည့် မြစ်မျက်နှာစာများ သာယာလှပတင့်တယ်ရေး ဆောင်ရွက်ပေးခြင်းဖြင့် လက်ရှိအခင်းအကျင်းများ ပိုမိုကောင်းမွန်စေပြီး ဆက်စပ်ပြီးမြေတန်ဖိုးများလည်း မြင့်တက်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ၏ ဖြေရှင်းချက်တွင်ပါရှိသည်။

အဆိုပါ အခြေအနေကောင်းများမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများသာမက ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက်ပါ အကျိုးဖြစ်ထွန်းလာစေမည့် အစီအစဉ်များကို ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ရေးအဖွဲ့နှင့် အသေးစိတ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းကိစ္စကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းမည်ဖြစ်ကြောင်းနှင့် အဆိုပါချေးငွေ ပြန်လည်ပေးဆပ်ရေးတာဝန်အား ရန်ကုန်တိုင်းဒေသကြီးအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူပေးဆပ်ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသော်လည်း လွှတ်တော်က လက်ခံခြင်းမရှိခဲ့ပေ။

အဆိုပါချေးငွေဖြင့် လုပ်ဆောင်မည့်လုပ်ငန်းကိစ္စများ ရှင်းလင်းစွာဖော်ပြခြင်းမရှိခြင်း၊ ယင်းချေးငွေဖြင့်အခြားသော လိုအပ်ချက်များစွာဖြင့် အရေးကြီးသည့် လုပ်ငန်းများကိုလုပ်ဆောင်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောကြားထားသည်။

S-01