News

POST TYPE

NEWS

မတည်မငြိမ်မှုများဖြစ်နေသည့် ပြင်သစ်နိုင်ငံရှိ ခရစ္စမတ်ဈေးတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ
13-Dec-2018


ပဲရစ်၊ ဒီဇင်ဘာ ၁၂ 

ပြင်သစ်နိုင်ငံ အရှေ့ပိုင်း စထရာဘော့မြို့ရှိ ခရစ္စမတ်ဈေးတစ်ခုတွင် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ သုံးဦးသေဆုံးသွားကာ ၁၃ ဦး ဒဏ်ရာရရှိသွားပြီးနောက် အာဏာပိုင်များက အကြမ်းဖက်တိုက်ခိုက်ခံရနိုင်မှု အန္တရာယ်အဆင့်ကို အမြင့်ဆုံးသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ခရစ္စမတ်ဈေးတွင် ပစ်ခတ်သွားသော သေနတ်သမားမှာ ထွက်ပြေးလွတ်မြောက်နေပြီး ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် ရှာဖွေလျက်ရှိသည်။ အာဏာပိုင်များ အဆိုအရ ဒဏ်ရာရရှိသွားသူ ၁၃ ဦးအနက် ရှစ်ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိသည်ဟုဆိုသည်။

သေနတ်သမားမှာ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လွတ်မြောက်သွားသော်လည်း ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။ ၎င်းသည် အကျဉ်းထောင်အတွင်း အစွန်းရောက်အကြမ်းဖက်သည့် သဘောတရားများကို လေ့လာသွားခဲ့သူဖြစ်သည်ဟု ဆိုသည်။

လက်ရှိအနေအထားတွင် အဆိုပါသေနတ်သမားကို ပြင်သစ်ရဲတပ်ဖွဲ့နှင့် အထူးလုံခြုံရေးတပ်ဖွဲ့ဝင် ၃၅၀ ခန့်က ရှာဖွေလျက်ရှိသည်။ သို့သော် ပြည်ထဲရေး ဒုတိယဝန်ကြီးက သေနတ်သမားသည် ပြင်သစ်နိုင်ငံထဲတွင် ရှိတော့မည်မဟုတ်ဟု ယူဆကြောင်း ထုတ်ဖော်ပြောကြားသည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖာကာစနာက ပြင်သစ်အနေနှင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုအန္တရာယ်အဆင့် အမြင့်ဆုံးသို့ တိုးမြှင့်သတ်မှတ်ထားပြီး အရေးပေါ် တန်ပြန်တိုက်ခိုက်ရန် ရဲတပ်ဖွဲ့များအနေနှင့် အသင့်အနေအထားတွင်ရှိရန် ညွှန်ကြားထားကြောင်း ပြောကြားသည်။

ပြင်သစ် နယ်စပ်ဒေသများနှင့် ခရစ္စမတ်ဈေးများ အားလုံးတွင်လည်း လုံခြုံရေးတင်းကျပ်မှုများကို အစွမ်းကုန်တိုးမြှင့်ထားသည်။

စထရာဘော့မြို့တော်ဝန် ရိုလန်ရီးစ်၏အဆိုအရ ခရစ္စမတ်ဈေးကို ခေတ္တပိတ်ထားမည်ဖြစ်ပြီး မြို့တော်ခန်းမတွင် လွှင့်ထားသော နိုင်ငံတော်အလံကိုလည်း တစ်ဝက်မျှသာ လွှင့်ထူထားမည်ဟုဆိုသည်။

ပြင်သစ်နိုင်ငံတွင် မြို့တော်ပဲရစ်အပါအဝင် မြို့ကြီးများ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် လူထုအုံကြွမှုများ သီတင်းပတ် သုံးပတ်ကျော်ကြာမျှ ဖြစ်ပွားခဲ့ရာ ယခုလို စထရာဘော့မြို့ ခရစ္စမတ်ဈေး သေနတ်ပစ်ခတ်မှုကြောင့် မတည်မငြိမ်မှုများ ပိုမိုဆိုးရွားလာမည်ကိုလည်း အာဏာပိုင်များက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။

စထရာဘော့မြို့မှ အာဏာပိုင်များက ယင်းမြို့တွင် ချီတက်ဆန္ဒပြမှုများကို ပိတ်ပင်ထားပြီဖြစ်သည်ဟုဆိုသည်။

သေနတ်ပစ်ခတ်မှုမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီခန့်က ရင်ပြင်တစ်ခုအနီးရှိ ခရစ္စမတ်ဈေးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနေရာကို Place Kleber ဟုလူသိများပြီး ယခုလိုဆောင်း ရာသီခရစ္စမတ်ကာလအနီးတွင် လူထောင် ပေါင်းများစွာလာရောက် ဈေးဝယ်လေ့ရှိသည်။

သေနတ်သမားသည် ယင်းနေရာတွင် ကင်းလှည့်နေသည့် ရဲအရာရှိများနှင့်လည်း အပြန်အလှန် ပစ်ခတ်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးက “အဲဒီသေနတ်သမားနဲ့ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နှစ်ကြိမ်တိတိတိုက်ခိုက်ခဲ့ကြတာ”ဟု ဆိုသည်။ 

သေနတ်သမားသည် တက္ကစီတစ်စီးပေါ်သို့ရောက်အောင်သွားခဲ့ပြီး ယင်းတက္ကစီကားဖြင့် ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်သည်။ တက္ကစီမောင်းသူက အဆိုပါသေနတ်သမား၏ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိထားကြောင်း ရဲတပ်ဖွဲ့ကို အသိပေးပြောကြားခဲ့သည်။

F-01