News

POST TYPE

NEWS

Huawei ဘဏ္ဍာရေးအရာရှိချုပ် မင်ဝမ်ကျိုး၏အမှု ထရမ့်ကြားဝင် ဖြေရှင်းနိုင်ဖွယ်ရှိ
13-Dec-2018


ဝါရှင်တန် ဒီဇင်ဘာ ၁၂

အမေရိကန်-တရုတ် ဆက်ဆံရေး နောက်ထပ်တင်းမာမှုကိုရှောင်ရှားရန် အထောက်အကူဖြစ်မည်ဆိုပါက Huawei ဘဏ္ဍာရေးအရာရှိချုပ် မင်ဝမ်ကျိုး၏အမှုတွင် ၎င်းအနေနှင့် ကြားဝင်ဖြေရှင်းပေးနိုင်သည်ဟု အမေရိကန်သမ္မတထရမ့်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

“ဒီတိုင်းပြည်တွက် ဘာပဲဖြစ်ဖြစ် ကောင်းမယ်ဆိုရင် ကျုပ်ကလုပ်မှာ”ဟု ထရမ့်ကဆိုသည်။

မင်ဝမ်ကျိုးအား ကနေဒါတရားရုံးက အင်္ဂါနေ့တွင် အာမခံပေးလိုက်ပြီဖြစ်သည်။

အီရန်အပေါ် အရေးယူပိတ်ဆို့မှု စည်းကမ်းများကို ချိုးဖောက်မှုဖြင့် အမေရိကန် တရားရေးဌာနသို့ လွှဲပြောင်းခံရမည့်အရေးနှင့် ရင်ဆိုင်နေရသူ မစ္စမင်ကမူ မည်သည့်အမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားပြီး စွပ်စွဲချက်များကို ရင်ဆိုင်ဖြေရှင်းမည်ဟု ပြောကြားထားသည်။

အင်္ဂါနေ့က ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် သမ္မတထရမ့်က “အင်မတန် အရေးကြီးတဲ့ ကုန်သွယ်ရေးဆွေးနွေးမှုအတွက် အထောက်အကူဖြစ်မယ်ဆိုရင်၊ ပြီးတော့ အမျိုးသားလုံခြုံရေးအတွက် လိုအပ်တဲ့အရာ ဖြစ်မယ်ဆိုရင် ကျုပ်က သေချာပေါက် ကြားဝင်ဆောင်ရွက်မှာပဲ”ဟု ပြောကြားသည်။

မစ္စမင်အား ဗန်ကူးဗားတရားရုံးက ဒေါ်လာ ၇ ဒသမ ၄ သန်းဖြင့် အာမခံ ပေးလိုက်ခြင်းဖြစ်သည်။

သူမသည် ၂၄ နာရီပတ်လုံး စောင့်ကြည့်ခံရမည့်အပြင် ခြေချင်းဝတ်တွင် အီလက်ထရွန်နစ် အချက်ပြကိရိယာ ဝတ်ဆင်ထားရမည်ဖြစ်သည်ဟု တရားသူကြီးက ပြောကြားသည်။

ထို့ပြင် ည ၁၁းဝ၀ နာရီမှ နံနက် ၆းဝ၀ နာရီအကြားတွင် အပြင်ထွက်ခွင့်မရှိသည့်အပြင် နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားအထောက်အထားများကိုလည်း အပ်နှံထားရမည်ဟု သိရှိရသည်။

အာမခံအတွက် သုံးရက်ကြာ ကြားနာမှုအတွင်း မစ္စမင်သည် လေကြောင်းခရီးဖြင့် ထွက်ခွာသွားမည်မဟုတ်ကြောင်းကို သူမ၏ရှေ့နေများက အာမခံချက်ပေးရန် ကြိုးစားလျှောက်လဲခဲ့ကြပြီး ကနေဒါအစိုးရရှေ့နေများက ကန့်ကွက်ခဲ့ကြသည်။

တရားသူကြီး အားရ်ကက်က အာမခံပေးကြောင်း ကြေညာလိုက်သောအခါ တရားရုံးအတွင်း လက်ခုပ်သံများ ထွက်လာခဲ့ပြီး မစ္စမင်က သူမ၏ရှေ့နေများအား ပွေ့ဖက်ကာ ငိုကြွေးခဲ့သည်။

သူမအား ဖေဖော်ဝါရီ ၆ ရက်တွင် တရားရုံးသို့ပြန်လာရန် တရားသူကြီးက အမိန့်ထုတ်ပြန်ထားသည်။

သူမအား ကနေဒါနိုင်ငံက ဖမ်းဆီးခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ပြီး သူမအား အမြန်ဆုံးလွှတ်ပေးရန်နှင့် သို့မဟုတ်ပါက ပြင်းထန်သော အကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကနေဒါနိုင်ငံကို သတိပေးစာ ပေးအပ်ခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် International Crisis Group တွင် လက်ရှိလုပ်ကိုင်နေသော ကနေဒါ သံအမတ်ဟောင်း မိုက်ကယ်ကော်ဗရစ်သည် အင်္ဂါနေ့က တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရသည်။ ၎င်းသည် ဘေဂျင်း၊ ဟောင်ကောင်နှင့် နယူးယောက်တွင် ကနေဒါသံအမတ်တာဝန်ဖြင့် နေထိုင်ခဲ့ဖူးသူဖြစ်သည်။

မိုက်ကယ်ကော်ဗရစ်အား ဖမ်းဆီးထားခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက တရားဝင်ထုတ်ပြန်ပြောဆိုခြင်း မရှိပေးပေ။ ၎င်းအား တရုတ်အာဏာပိုင်များက ဖမ်းဆီးမှုသည် မစ္စမင်ဖမ်းဆီးခံရသည့်ကိစ္စနှင့် ဆက်နွှယ်ခြင်းမရှိဟု ကနေဒါ တာဝန်ရှိသူများက ပြောကြားသည်။

ကနေဒါနိုင်ငံက မိုက်ကယ်ကော်ဗရစ် အမှုနှင့်သက်ဆိုင်သည့် တရုတ်အာဏာပိုင်များနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နေသည်ဟု ဝန်ကြီးချုပ်ထရူးဒိုးကလည်း ပြောကြားသည်။

F-04