News

POST TYPE

NEWS

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးခံရသည့် စင်ကာပူနိုင်ငံသားစုံတွဲ၏ အာမခံလျှောက်ထားမှုကို ပယ်ချ
13-Dec-2018


ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရွှေတိဂုံစေတီတော်ပေါ်တွင် မြန်မာငွေစက္ကူ ကျပ်တစ်သောင်းတန် အတုများနှင့်အတူ ဖမ်းဆီးခံရသည့် စင်ကာပူနိုင်ငံသားစုံတွဲမှ အချုပ်လွတ်ဖြင့် အမှုရင်ဆိုင်ခွင့်ရရှိရန် အာမခံလျှောက်ထားမှုကို ဒီဇင်ဘာလ ၁၂ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးက ပယ်ချခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် တရားစွဲဆိုခံရသူ စင်ကာပူနိုင်ငံသား စုံတွဲဘက်က ၎င်းတို့နိုင်ငံရှိ ငွေလဲကောင်တာတစ်ခုတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကို အစစ်ဟုထင်မှတ်၍ စင်ကာပူဒေါ်လာ ၄၀၀ ဖြင့် လဲလှယ်ခဲ့သည့် ငွေလဲပြေစာမိတ္တူကို ရုံးတော်ထံ တင်ပြခဲ့သည်။

“သက်သေမကုန်သေးလို့ အာမခံလျှောက်ထားမှုကို တရားသူကြီးက ပယ်ချလိုက်တယ်။ ဒီနေ့ရုံးချိန်းအပါဆို သက်သေခြောက်ဦးကို စစ်ဆေးပြီးပြီ။ နောက်ရုံးချိန်းမှာ အာမခံရရှိဖို့ ထပ်လျှောက်မယ်”ဟု စင်ကာပူနိုင်ငံသားစုံတွဲဘက်က ရှေ့နေဖြစ်သူက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၁၀ ရက်နေ့က တရားလိုပြသက်သေဖြစ်သူ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်ကို စတင်စစ်ဆေးခဲ့ပြီး ယနေ့ ရုံးချိန်းတွင် ရွှေတိဂုံစေတီတော် လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် အပါအဝင် တရားလိုပြသက်သေငါးဦးကို စစ်ဆေးခဲ့ကြောင်းနှင့် လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အမှုမှ ကျန်ရှိနေသော တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးရန် တရားသူကြီးက ရုံးချိန်းရက် သတ်မှတ်ပေးခဲ့သည်။

တရားရင်ဆိုင်နေရသူ စင်ကာပူနိုင်ငံသားစုံတွဲမှာ ရွှေတိဂုံစေတီတော်ရှိ နိုင်ငံခြားသားများအတွက် ဝင်ကြေးကောက်ခံသည့်ဌာနတွင် ကျပ်တစ်သောင်းတန် ငွေ စက္ကူအတု သုံးရွက်ကို ထုတ်ပေးရာမှ ဖမ်းဆီးစစ်ဆေးခြင်းခံရပြီးနောက် ၎င်းတို့ထံမှ နံပါတ်တူ ငွေစက္ကူများပါ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၄၅ ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရပြီး အမှုသည်၏ ရှေ့နေဖြစ်သူကလည်း စင်ကာပူနိုင်ငံသားစုံတွဲမှာ ၎င်းတို့၏နိုင်ငံတွင် အလုပ်အကိုင် ကောင်းကြသူများဖြစ်ကြောင်းနှင့် လင်မယားနှစ်ဦး၏ တစ်လဝင်ငွေမှာ စင်ကာပူဒေါ်လာ တစ်သောင်းကျော်ရှိကြောင်း ရုံးတော်ရှေ့တွင် ထွက်ဆိုထားသည်။

မြန်မာငွေစက္ကူအတု လက်ဝယ်တွေ့ရှိသုံးစွဲမှုဖြင့် စင်ကာပူနိုင်ငံသားစုံတွဲမှာ ဖမ်းဆီးခံရပြီးနောက် စင်ကာပူနိုင်ငံရှိ ရဲတပ်ဖွဲ့မှ ၎င်းတို့နိုင်ငံအတွင်းရှိ ငွေလဲစင်တာ ၁၈ ခုကို မြန်မာငွေစက္ကူအတုများ လက်ဝယ်ပိုင်ဆိုင်ထား ရှိ မရှိကို သံသယ ဝင်မိ၍ ရှောင်တခင် စီးနင်းရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း Channal News Asia က ဖော်ပြခဲ့သည်။

S-03