News

POST TYPE

NEWS

အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့် ဥပဒေ ကန့်ကွက်ပွဲ ယနေ့လုပ်မည်
10-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၀

အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားခွင့်ဥပဒေပြင်ဆင်မှုနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြပွဲကို ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်)တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မကွေးပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြပွဲ စီစဉ်သူများထံမှ သိရသည်။

အဆိုပါ လက်ထပ်ထိမ်းမြားခွင့်ဥပဒေသည် နိုင်ငံတကာ စံနှုန်းများအရလည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုအရလည်းကောင်း မလျော်ကန်သော ဥပဒေမျိုးကို အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လာခြင်းအပေါ် ကန့်ကွက်ရှုတ်ချသွားမည်ဖြစ်ကြောင်း မကွေးပရိယတ္တိတိုက်ကျောင်းဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

“ကန့်ကွက်ပွဲလုပ်ဖို့ အားလုံးစီစဉ်ပြီးသွားပြီဖြစ်တယ်။ ရဟန်း၊ သံဃာတွေနဲ့ ပြည်သူတွေ ပူးပေါင်း ပါဝင်ဖို့ ဖိတ်ကြားပါတယ်”ဟု ၎င်းကမိန့်သည်။ 

အဆိုပါ ကန့်ကွက်ပွဲကို မကွေးတိုက်ကျောင်းတွင် မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓလေ့ထုံးစံအရ ၁၈ နှစ်အောက် ထိမ်းမြားခြင်းဥပဒေကြမ်းတစ်ရပ်ကို နိုဝင်ဘာလ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းပြင်ဆင်ချက်ကို ဝေဖန်မှုများရှိခဲ့သည်။ 

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၂၃ တွင် လက်ထပ်ထိမ်းမြားသည့်အသက်သည် သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးစံအရ ဖြစ်စေရမည်ဖြစ်ပြီး လက်ထပ်ထိမ်းမြားခြင်းပြုနိုင်သည့် အသက်သည် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်ဟု ပြဋ္ဌာန်းချက်ကို ပြည်သူ့လွှတ်တော်က ရှေ့နောက်မညီ ဖြစ်နေသည်ဆိုကာ ပြန်လည် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ပြည်လည် ပြင်ဆင်ချက်တွင် ၁၈ နှစ်ပါသည့် ဒုတိယအချက်ကို ဖြုတ်လိုက်ခြင်းဖြစ်ပြီး ဓလေ့ထုံးစံနှင့် တည်ဆဲဥပဒေများအရ လက်ထပ်ခွင့်ရမည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ယင်းပြင်ဆင်ချက်အဆိုကို ပြည်သူ့လွှတ်တော် ပြည်ကြီးတံခွန် မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပြင်ဆင်ချက်အပေါ် ဝေဖန်သူများက အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအတွက် ထိခိုက်မှု ရှိလာနိုင်မည်ဖြစ်ကြောင်း ဝေဖန်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ 

အဆိုပါ ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကို ထပ်မံ ပေးပို့ရမည်ဖြစ်သည်။ 

J-08