News

POST TYPE

NEWS

မန္တလေးတွင် တရုတ်ဘုန်းကြီး ဟန်ဆောင်အလှူခံသူလေးဦး ထပ်ဖမ်းမိ
10-Dec-2018



မန္တလေး၊ ဒီဇင်ဘာ ၉

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်း တရုတ်ဘုန်းကြီးဝတ်စုံဝတ်လျက် အလှူခံနေသူလေးဦးကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (ချမ်းအေးသာစံမြို့နယ်) ဥက္ကဋ္ဌဆရာတော် ဦးဝိဓူရက မိန့်ကြားသည်။

“မနက် ၉ နာရီလောက်မှာ ဒကာတစ်ဦးက ဖုန်းဆက်အကြောင်းကြားတယ်။ တရုတ်ဘုန်းကြီးတစ်ပါး ထီးလှိုင်ဈေးနဲ့ ကိုင်းတန်းဈေးမှာ အလှူခံနေတယ်ဆိုပြီး ပြောတယ်။ ဒါနဲ့ ဦးပဉ္စင်းတို့အဖွဲ့တွေသွားပြီးတော့ စစ်ဆေးတဲ့အခါမှာ ထုံးစံအတိုင်း ပုတီးတွေပါတယ်၊ ကြေးခွက်တွေပါတယ်။ ဒါနဲ့ ရုံးကို ခေါ်စစ်ဆေးတဲ့အခါ ပုတီးကုန်းတွေ၊ ဗီဇာတွေတွေ့တယ်။ အမရပူရက တရုတ်သီလရှင်တွေကိုခေါ်ပြီးစစ်မေးတဲ့အခါမှာ ဘုန်းကြီးအတုတွေလို့ပြောတယ်။ မိန်းမနေမကောင်းလို့ ပိုက်ဆံမရှိတဲ့အတွက် ဒီမှာလာပြီးတော့ အလှူခံတာလို့ပြောတယ်”ဟု ၎င်းက ရှင်းပြသည်။

အလှူခံနေသူများမှာ တရုတ်နိုင်ငံ ဝူပေပြည်နယ်ကျင်လီရှန်ခရိုင် ဝူပေမြို့မှဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ တည်းခိုရာဟိုတယ်သို့ သွားရောက်စစ်ဆေးခဲ့ရာ လူအဝတ်အစားများ၊ ပုတီးကုံးနှင့် ဘုရားပုံပါလည်ဆွဲ စုစုပေါင်း ၄၀၀၀ ကျော် တွေ့ရှိခဲ့ရကြောင်း သာသနာတော်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ (ချမ်းအေးသာစံမြို့နယ်) မှတ်တမ်းအရ သိရသည်။

တရုတ်ဘုန်းကြီးအယောင်ဆောင်၍ အလှူခံခြင်းနှင့်ပတ်သက်၍ တိုင်းလဝကသို့တင်ပြကာ အရေးယူမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

လက်ရှိတွင် တရုတ်ဘုန်းကြီး အယောင်ဆောင်ထားသူလေးဦးကို ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၆ နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော်လည်း အမှုဖွင့်ထားခြင်းမရှိသေးကြောင်း၊ သို့သော် လဝကဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ မိတ္ထီလာမြို့တွင် နိုဝင်ဘာ ၂၃ ရက်နေ့က တရုတ်ဘုန်းကြီးကဲ့သို့ဝတ်ဆင်ကာ အလှူခံနေသူနှစ်ဦးကိုဖမ်းမိခဲ့ပြီး ချမ်းအေးသာစံမြို့နယ်တွင်လည်း နိုဝင်ဘာ ၂၅ ရက်နေ့က တရုတ်ဘုန်းကြီးအယောင်ဆောင် အလှူခံနေသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ဖူးသည်။

M-05