News

POST TYPE

NEWS

အလုပ်ထုတ်ခံရသူ အမျိုးသားက အလုပ်ရှင်နေအိမ်ကို မီးရှို့
09-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၉ 

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၆၆ ရပ်ကွက်၊ ပတ္တမြားရတနာလမ်းတွင် အသက် ၁၆ နှစ် လူငယ်တစ်ဦးက အလုပ်ထုတ်ခံရသောကြောင့် အလုပ်ရှင်၏နေအိမ်ကို မီးရှို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မီးရှို့မှုပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ ၇ ရက် ညနေပိုင်းက ၆၆ ရပ်ကွက်၊ ပတ္တမြားရတနာလမ်းတွင် နေအိမ်တစ်လုံး မီးလောင်ခဲ့ရာမှ ယင်းနေအိမ်အတွင်းရှိ သစ်သားခုတင်သုံးလုံး၊ မွေ့ယာနှင့် အဝတ်အထည်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ယင်းမီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ရှိ လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦးနှင့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးတို့ကို စစ်ဆေးမေးမြန်းခဲ့သည်။ 

“လူငယ်အမျိုးသားက စားသောက်ဆိုင်မှာ စားပွဲထိုးအလုပ်လုပ်တယ်။ ဒီလ ၃ ရက်နေ့က ခွင့်မတိုင်ဘဲ အလုပ်ပျက်ကွက်မိလို့ ၄ ရက်နေ့မှာ သူအလုပ်ထုတ်ခံရကြောင်း မန်နေဂျာထံကတစ်ဆင့် သိခဲ့ရလို့ မကျေမနပ်ဖြစ်ပြီး အလုပ်ရှင်ရဲ့ နေအိမ်အပေါ်ထပ်မှာရှိတဲ့ အဝတ်အထည်တွေနဲ့ မွေ့ယာကို မီးရှို့လိုက်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်”ဟု ရဲအရာရှိထံမှ သိရသည်။ 

နေအိမ်ကို မီးလောင်စေရန် ပြုလုပ်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် လူငယ်အမျိုးသားကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားပြီး ၎င်းကို မြို့မရဲစခန်းမှူး၏ ထိန်းသိမ်းမှုအောက်တွင် ထားရှိ၍ စစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

S-03