News

POST TYPE

NEWS

ထိုင်းနိုင်ငံမှ ပထမဆုံးအကြိမ် ချီးမြှင့်သည့် Naga Award ဆု မြန်မာ ၉ ဦးရရှိ
09-Dec-2018

ဘန်ကောက်၊ ဒီဇင်ဘာ ၉

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ The National Theater တွင် ဒီဇင်ဘာ ၈ ရက် မွန်းလွဲပိုင်းက ပထမဆုံးအကြိမ် International Naga Award ဆုပေးအပ်ပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ၉ ဦးဆုရရှိခဲ့ကြောင်း အဆိုပါဆုကို ရရှိခဲ့သည့် တောင်ကြီးမြို့ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဘဒ္ဒန္ထ နော်ခမ်းလဓမ္မသာမိက မိန့်ကြားသည်။

အဆိုပါဆုကို ထိုင်းနိုင်ငံမှ မီဒီယာအဖွဲ့အစည်းတစ်ခု အပါအဝင် အဖွဲ့အစည်းငါးခုစုပေါင်း၍ ဗုဒ္ဓဘာသာသာသနာပြုလုပ်ငန်း၊ ပရဟိတလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းစသည့် နယ်ပယ်များတွင် ထူးချွန်စွာ ဆောင်ရွက်နေသည့် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်များကို ပေးအပ်ခြင်းဖြစ်ကြောင်း အဆိုပါ ဆုချီးမြှင့်ရေးအဖွဲ့အစည်းထံမှ သိရှိရသည်။ 

“မြန်မာနိုင်ငံက သံဃာငါးပါးနဲ့ လူလေးဦး ချီးမြှင့်ခံရတာမှာ ရှမ်းပြည်က သုံးဦးရရှိခဲ့တယ်။ ထိုင်းဘုရင့်မိသားစုကိုယ်စား ဘုရင့်အထူးကိုယ်ရံတော်တပ်က General Apichat Tiebornchai တက်ရောက်ချီးမြှင့်ပေးအပ်ခဲ့တယ်”ဟု ၎င်းက ထပ်မံမိန့်ဆိုသည်။

နှစ်ပေါင်း ၄၀ ခန့် ဘာသာသာသနာအကျိုးကို ဆောင်ရွက်ခဲ့သော်လည်း အဆိုပါဆုကို ရရှိရန်မမျှော်မှန်းထား၍ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းကို မြန်မာနိုင်ငံသား တစ်ယောက်အနေနှင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း ရှမ်းပြည်နယ် နမ့်စန်မြို့နယ်နေ ဦးစိုင်းလင်းဆိုင်က ပြောကြားသည်။

အဆိုပါဆုကို မြန်မာနိုင်ငံမှ ရဟန်းသံဃာ ငါးပါးနှင့် လူပုဂ္ဂိုလ် လေးဦး အပါအဝင် သီရိလင်္ကာ၊ ထိုင်း၊ နီပေါ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံစသည့် နိုင်ငံ ၇ နိုင်ငံမှ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် ၃၀၀ ကျော်ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ယင်းဆုရွေးချယ်ပေးအပ်ရေး ကော်မတီထံမှ သိရသည်။

R-16