News

POST TYPE

NEWS

မြောက်ဥက္ကလာပတွင် အမျိုးသားတစ်ဦး နေအိမ်ပေါ်တွင် လည်လှီးအသတ်ခံရ
09-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၈

မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက်၊ ရထားသံလမ်းအနီးရှိ နေအိမ်တစ်လုံးတွင် ဒီဇင်ဘာလ ၇ ရက် ည ၉ နာရီခန့်က နေအိမ်တစ်အိမ်အတွင်းသို့ လူတစ်စုက ကျူးကျော်ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသားကို လည်လှီးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူ အသက် ၄၁ နှစ် ဦးကံထွန်းမှာ ၎င်း၏ နေအိမ်တွင် တစ်ဦးတည်းရှိနေချိန် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေ့ ညနေပိုင်းက ၎င်း၏ ဇနီးနှင့် စကားများ ရန်ဖြစ်ခဲ့သည့် အမျိုးသမီး၏ သား အသက် ၃၀ နှစ် ထွန်းထွန်းဝင်း အပါအဝင်လေးဦးက နေအိမ်အတွင်းသို့ ဝင်ရောက်လာပြီး ၎င်း၏ လည်ပင်းကို ခဲတံချွန်သည့် ဓားဖြင့် လှီး၍သတ်ခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“သေဆုံးသူနဲ့ ပြစ်မှုကျူးလွန်သူတွေက ဆွေမျိုးစပ်ရင် မကင်းဘူး။ သေဆုံးသူရဲ့ဇနီးက ပြစ်မှုကျူးလွန်သူရဲ့ မိခင်ကို စကားများရန်ဖြစ်ပြီး လည်ပင်းညှစ်ခဲ့တယ်လို့ ကြားသိရတာကြောင့် သားဖြစ်သူနဲ့ သူ့ညီအစ်ကိုဝမ်းကွဲတွေက လူသတ်မှုအထိ ကျူးလွန်ခဲ့ကြတာပါ။ တရားခံတွေအားလုံးကို ဖမ်းမိထားပါပြီ” ဟု ရဲအရာရှိက ရှင်းပြသည်။

သေဆုံးသူ ဦးကံထွန်းမှာ ဈေးရောင်းနေသူဖြစ်ကြောင်း၊ အခင်းဖြစ်နေ့ ညနေပိုင်းက ၎င်း၏ နေအိမ်ရှေ့သို့ တွန်းလှည်းဖြင့် လာရောက်ရောင်းသည့် ရေခဲခြစ်သည်ကို ဇနီးဖြစ်သူက ဝယ်ယူနေချိန် ထွန်းထွန်းဝင်း၏ မိခင်ဖြစ်သူလည်း ရေခဲခြစ် လာဝယ်ရာမှ နှစ်ဦးစကားများ ရန်ဖြစ်ခဲ့ကြောင်း ပတ်ဝန်းကျင်ထံမှ စုံစမ်းသိရှိရသည်။

“ရေခဲခြစ်ဝယ်ရာမှာ တစ်ယောက်နဲ့တစ်ယောက် လမ်းပိတ်ထားတယ်ဆိုပြီး မိန်းမချင်း စကားများရန်ဖြစ်ကြတယ်။ လူသတ်မှုကျူးလွန်သူ ထွန်းထွန်းဝင်းရဲ့ အမေက သေဆုံးသူ ကိုကံထွန်းရဲ့ မိန်းမက သူ့ကိုလည်ပင်းညှစ်ပါတယ်ဆိုပြီး ရဲစခန်းမှာ လာအမှုဖွင့်တယ်။ လမ်းထဲက မိန်းမတစ်ယောက်ကလည်း ထွန်းထွန်းဝင်းဆီ ဖုန်းဆက်ပြီး နင့်အမေ လည်ပင်းညှစ်ခံရတာ သေမလိုဖြစ်နေပြီပြောလို့ အလုပ်က ပြန်လာပြီး လူသတ်မှုအထိ ကျူးလွန်ခဲ့တာ။ သေဆုံးသွားသူက ဒီကိစ္စမှာ ဘာမှမပါခဲ့ဘူး။ မိန်းမက အမှုဖွင့်တိုင်ကြားခံရလို့ ရဲစခန်းသွားနေချိန် နေအိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့သူ့ကို ထွန်းထွန်းဝင်းတို့က သတ်လိုက်တာ”ဟု ရဲအရာရှိက ရှင်းပြသည်။

လည်ပင်း ဓားဖြင့် နှစ်ချက် လှီးခံရသူ ဦးကံထွန်းသည် လေပြွန်ပြတ်ပြီး ၎င်း၏ ဦးခေါင်း ငယ်ထိပ်တွင်လည်း ပြတ်ရှဒဏ်ရာများ တွေ့ရှိခဲ့ကြောင်းနှင့် နေအိမ်တံခါးကို ခြေဖြင့်ကန် ဖျက်ဆီးဝင်ရောက်ပြီး လူသတ်မှုကျူးလွန်ခဲ့သူဟု တိုင်ကြားခံရသည့် အသက် ၃၀ နှစ် ထွန်းထွန်းဝင်းအပါအဝင် ၎င်းနှင့် လိုက်ပါလာသည့် အသက် ၁၈ နှစ်အောက် လူငယ်သုံးဦးထဲမှ နှစ်ဦးကို ဖမ်းမိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် တရားခံများအားလုံးကို ဖမ်းဆီးနိုင်၍ သက်သေခံဓားကို သိမ်းဆည်းနိုင်ခဲ့သောကြောင့် ဗီရိုလှည့်လည်ရောင်းချနေသူ ထွန်းထွန်းဝင်းအပါအဝင် လေးဦးကို မြောက်ဥက္ကလာပ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

S-03